နတ်မောက်မြို့၌ မိုဘိုင်း SIM Card များကို စနစ်တကျမှတ်ပုံတင်ပြီး ရောင်းချနိုင်ခြင်း ရှိ/ မရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင် လိုက်လံကွင်းဆင်းစစ်ဆေး

နတ်မောက် ဧပြီ ၂၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က  နတ်မောက်မြို့ပေါ်ရှိ မိုဘိုင်း SIM Card များ စနစ်တကျမှတ်ပုံတင်ပြီးမှ ရောင်းချနိုင်ခြင်း ရှိ/မရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင် လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှိ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုများကို မှန်ကန်စွာ အသုံးပြုလျက်ရှိသည့် သုံးစွဲသူများကို အကာအကွယ်ပေးနိုင်ရန် မိုဘိုင်းဆက်သွယ်ရေးစနစ်ကို အခြေခံသည့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ e-commerce လုပ်ငန်းများနှင့် စပ်လျဉ်း၍ သုံးစွဲသူများကို လိမ်လည်မှုများမှ ကာကွယ်ပေးနိုင်ရန်နှင့် ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ရာတွင် အထောက်အကူပေးနိုင်ရန်တို့အတွက် ရည်ရွယ်ချက်များဖြင့် မြို့ပေါ်ရှိ မိုဘိုင်း Hand Set အရောင်းဆိုင်များနှင့် မိုဘိုင်း SIM Card အရောင်းဆိုင်များတွင် မိုဘိုင်း SIM Card များ မှတ်ပုံတင်ခြင်းမပြုဘဲ ရောင်းချခြင်း ရှိ/မရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်များအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရ‌သည်။

လှဝင်း