အထက်မင်းလှ ဧပြီ ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ဇေယျာသီရိဈေးအတွင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ကုန်ဆိုင်များတွင် စားသုံးရန်မသင့်သော စားသောက်ကုန်များနှင့် ခွင့်ပြုချက်မရှိသော ဆိုးဆေးများပါဝင်ခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်း၍ ယမန်နေ့နံနက်(၁၁)နာရီခွဲက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စစ်ဆေးရာ၌ စားသောက်ကုန်ဆိုင်များတွင် သက်တမ်းလွန်စားသောက်ကုန်များ သုံးစွဲရန်မသင့်ဟု တားမြစ်ထားသော စားသောက်ကုန်များ ရောင်းချခြင်း ရှိ၊မရှိ၊ စားသောက်ကုန်များတွင် ခွင့်ပြုချက်မရှိသော ဆိုးဆေးများပါဝင်ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး စားသောက်ကုန်ဆိုင်ရှင်များနှင့် အရောင်းဝန်ထမ်းများအား သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချခြင်း မပြုရန်နှင့် ခွင်ပြုချက်မရှိသော ဆိုးဆေးများပါဝင်သည့် စားသောက်ကုန်များ ရောင်းချခြင်းမပြုလုပ်စေရန်အတွက် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)