မင်းလှမြို့နယ်တွင် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေး အသိပေးရှင်းလင်းခြင်းဆောင်ရွက်

အထက်မင်းလှ ဧပြီ ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့မှကြီးမှူး၍ မြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေးပြေလည်စေရန်၊ အခြေခံစားသောက်ကုန်ဈေးနှုန်းများအပါအဝင် ဆေးဝါးများ၊ အခြားကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားခြင်းမပြုလုပ်စေရေး မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအား အသိပေးရှင်းလင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အသိပေးရှင်းလင်းပွဲတွင် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က မြို့နယ်အတွင်းရှိ ပြည်သူများသို့ ရောင်းချဖြန့်ဖြူးပေးနေသည့် ဆန်လုပ်ငန်းရှင်များ၊ စားသုံးဆီလုပ်ငန်းရှင်များ၊ စက်သုံးဆီလုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များ၊ ကုန်စုံနှင့်ပွဲရုံလုပ်ငန်းရှင်များ၊ လူစီးနှင့်ကုန်စည်ပို့‌ဆောင်ရေးအသင်းများ၊ ရွှေဆိုင်လုပ်ငန်းရှင်များ၊ ဆိုင်ကယ်၊ ကားပစ္စည်းအရောင်းဆိုင်များစသည့် လုပ်ငန်းရှင်များအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများစားဝတ်နေရေးအဆင်ပြေစေရေးအတွက် မိမိတို့ရောင်းချသည့် ကုန်ပစ္စည်းများအား ဈေးကစားခြင်း၊ မပြုရန်နှင့် သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လိုက်နာမှုမရှိပါက အရေးယူခြင်းခံရမည်ဖြစ်ပါကြောင်း အသိပေးရှင်းလင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မ‌ကွေးတိုင်း‌ဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ မင်းလှမြို့နယ် တာဝန်ခံ ဦးဟိန်းလင်းစိုးက အခြေခံစားသောက်ကုန်နှင့် အခြားပစ္စည်းများအား သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်းရောင်းချပေးရန် ဆွေးနွေးပြောကြားသည်။ အဆိုပါ အသိပေးရှင်းလင်းဆွေးနွေးပွဲသို့ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မင်းလှမြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန်နှင့် အခြားကုန်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)