မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့က ကြီးမှုးဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲ ကျင်းပ

မကွေး ဧပြီ ၂၈

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ ကွန်ပျူတာကျွမ်းကျင်မှုမရှိသေးသည့် ကျောင်းသား/သူများအား ကွန်ပျူတာကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ ကွန်ပျူတာ အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်  မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်၀င်း၀င်းမြင့်၊ တိုင်းဒေသကြီး၀န်ကြီးများ၏ ဇနီးများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောက်ရှောက်ရေးအသင်းအဖွဲ့များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်၀င်း၀င်းမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကွန်ပျူတာပညာရပ်များကို လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်တဲ့အထိ ကြိုးစားသင်ယူကြစေလိုကြောင်း၊ ကွန်ပျူတာပညာရပ်တွေကို တတ်မြောက်ထားခြင်းဖြင့်  သင်ယူစရာ၊ အတုယူစရာ၊ လေ့လာစရာများ အလွယ်တကူ ရှာဖွေသင်ယူတတ်မြာက်ဖို့ အခွင့်လမ်းကောင်းများဖြစ်ကြာင်း၊ နယ်ပယ်များစွာရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သိသိသာသာ အထောက်အကူဖြစ်စေပြီး အလုပ်အများစုကို စွမ်းဆောင်ရည် တိုးမြှင့်စွာ ပြီးမြောက်နိုင်ကြောင်းနှင့် အခြေခံကွန်ပျူတာသင်တန်းကို တက်ရောက်ကြမယ့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်ကြားပို့ချမယ့် ကွန်ပျူတာပညာရပ်တွေကို ကြိုးကြိုးစားစားသင်ကြားစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မကွေးကွန်ပျူတာက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမျိုးမင်းသန်းမှ သင်တန်းတွင် ပို့ချမည့် အစီအမံများအား ရှင်းလင်းတင်ပြပြီး သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများအား မကွေးတိုင်းအမျိုးသမီးရေးရာအဖွဲ နာယက ဒေါ်၀င်း၀င်းမြင့်ကပေးအပ်ရာ သင်တန်းသား/သူများက လက်ခံရယူခဲ့သည်။ အဆိုပါသင်တန်းကို (၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချမည်ဖြစ်ပြီး ကျောင်းသား/သူ ၆၃ ဦးခန့် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

မောင်ခိုင်မင်း