မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း  ချောင်းဆုံမြို့နယ်ရှိ မျိုးမြင့်ဝက် မွေးမြူရေးလုပ်ငန်းနှင့် ကျွဲလမ်းတူးမြောင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု

ချောင်းဆုံ ဧပြီ ၂၆

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေရန် စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းက ကွမ်သဲကျေးရွာရှိ မျိုးမြင့်ဝက်မွေးမြူရေးခြံနှင့် ဘိုးနက်ကျေးရွာကျွဲလမ်းတူးမြောင်း တူးဖော်ခြင်းလုပ်ငန်းများအား  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကွမ်သဲကျေးရွာ အမှတ်(၈)ရပ်ကွက်ရှိ ဦးဝင်းနိုင်၏ ဂျုးရောစ် ၊ DYL မျိုးမြင့်ဝက် အကောင် (၈၀) မွေးမြူထားသည့် စီးပွားဖြင့်မွေးမြူရေးခြံလုပ်ငန်းနှင့် ဒူးရင်ပင်စိုက်ပျိုးရေးလုပ်ငန်းကို ပူးတွဲဆောင်ရွက်ထားမှုများအပေါ် ကြည့်ရှုအားပေးကာ မွေးမြူးရေးနှင့်စိုက်ပျိုးရေးလုပ်ငန်းကို စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများမှ ဘိုးနက်ကျေးရွာ ကျွဲလမ်းတူးမြောင်းတူးဖော်ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုခဲ့ရာ   မွန်ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင့်နိုင်က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ဒေသခံတောင်သူများ၏ ဆွေးနွေးတင်ပြချက်များပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျွဲလမ်းတူးမြောင်း တူးဖော်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး တူးမြောင်းအလျား (၇၅၀၀)ပေ၊ အောက်ခြေအကျယ် (၁၂)ပေ နှင့် ပျမ်းမျှအနက် (၆.၅၀)ပေတို့ဖြင့် ယခုနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တူးမြောင်းပြီးစီးပါက ဘိုးနက်ကျေးရွာရှိ  မိုးစပါးစိုက်ဧက (၁၅၀၀)ဧကအား ရေကြီးနပ်မြုပ်မှုမှ လျော့နည်းသက်သာစေပြီး အစိုဓာတ်ရရှိသည့်အတွက် ဆောင်းသီးနှံစိုက်ပျိုးရာ၌ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ကိုကျော်(ချောင်းဆုံ)