ကျွန်းလှမြို့နယ်၌ စားဖိုဆောင်သီးနှံမျိုးစုံစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

ကျွန်းလှ ဧပြီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဒေသခံတောင်သူများ မိသားစုဝင်ငွေရရှိရန်အတွက် ရာသီအလိုက် စားဖိုဆောင် သီးနှံမျိုးစုံစိုက်ပျိုးကြကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် စားဖိုးဆောင်သီးနှံမျိုးစုံကိုချောင်းရေ၊ မြေအောက်ရေတင်ပြီး နွေ၊မိုး၊ဆောင်း စိုက်ပျိုးကြကြောင်း၊ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ခရမ်း၊ ခရမ်းချဉ်၊ ကိုက်လန်၊ မုန်လာထုတ်၊ ပန်းမုန်လာ၊ မုန်လာဥ၊ ကြက်သွန်၊ ရုံးပတီ၊ တိုင်ထောင်ပဲ၊ ရွှေဖရုံ၊ သခွား၊ ငရုတ်၊ နံနံ စသည့် သီးနှံမျိုးစုံ ဧက ၁၀၀၀ ကျော်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

“တောင်သူတွေ စားဖိုဆောင်သီးနှံစိုက်ပျိုးရာမှာ ဒေသရာသီဥတုနဲ့ ကိုက်ညီတဲ့ မျိုးစေ့များ ရွေးချယ်စိုက်ပျိုးရေး၊ ဓာတုကင်းလွတ်သီးနှံများထွက်ရှိရေးစတဲ့ အခြားနည်းပညာပံ့ပိုးမှုတွေ ဆောင်ရွက်ပေးခဲ့ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါစားဖိုဆောင်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်စေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ကွင်းတာဝန်ခံများက သဘာဝမြေဩဇာ၊ သဘာဝ ပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးပြုလုပ်သုံးစွဲရေးတို့ကို စိုက်ခင်းများအရောက် တောင်သူများအား အသိပညာပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ