စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များပေးအပ်

မုံရွာ ဧပြီ ၂၅

နိုင်ငံ့တာဝန်များအား တစ်ထောင့်တစ်နေရာမှ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများ ကျန်းမာသန်စွမ်းစွာဖြင့် နေထိုင်သွားလာနိုင်ရေးနှင့် စားသောက်ရေးများ အဆင်ပြေစေရန်အတွက် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာအခမ်းအနားသို့ တက်ရောက်လာကြသည့် အငြိမ်းစားဝန်ထမ်းများအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစား ဝန်ထမ်းများအား ရင်းရင်းနှီးနှီးဖြင့် အားပေးစကားများပြောကြားကာ တာဝန်ရှိသူများနှင့်အတူ အငြိမ်းစားဝန်ထမ်း ၂၁၀ ဦးအား အာဟာရဖြည့်စွက်စာ ကြက်ဥများအား လက်ရောက် ပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ခန်းမအတွင်း၌ မုံရွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများအား ဆီးချို/သွေးချို ရောဂါ၊ သွေးတိုးရောဂါ၊ အကြောနာအကြောတက်ရောဂါ၊ နှလုံးရောဂါ၊ ချောင်းဆိုးရင်ကြပ် ရောဂါများအား စစ်ဆေးကုသပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ကုသရေး လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ အဆိုပါခန်းမဝန်းအတွင်း၌ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ အငြိမ်းစား ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ စားသုံးဆီနှင့် ဟင်းသီး ဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)