ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီး ရင်ပြင်တော်၌ ကျင်းပသော နှစ်သစ်ကူး အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ၊ (၃/၂၀၂၅) ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

စစ်တွေ ဧပြီ ၂၅

စစ်တွေမြို့၊ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီးရင်ပြင်တော်၌ ကျင်းပသော နှစ်သစ်ကူး အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ဘုရားကြီးရင်ပြင်တော်၌ကျင်းပရာ ဘုရားကြီးဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများကပ် လှူပူဇော်ကြသည်။

ယင်းနောက် အခမ်းအနားကို ကြွရောက်တော်မူကြသော ဆရာတော်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးကြပြီး ပြည်လုံးချမ်းသာဘုရားကြီးဂေါပဂအဖွဲ့ ဩဝါဒါစရိယ စစ်တွေမြို့၊ ကြွဖြူ ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တတေဇဝန္တ မဟာထေရ်မြတ်ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ဆရာတော်အရှင်သူမြတ်များထံ နဝကမ္မအလှူငွေများဆက်ကပ် လှူဒါန်းကြသည်။

ဆက်လက်၍ ရွှေစေတီဆရာတော်မှ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းအား ဘေးအန္တရာယ်ကင်း၍ ကျက်သရေမင်္ဂလာနှင့်ပြည့်စုံပြီး ကောင်းကျိုးမင်္ဂလာ ပြည့်စုံသော နဝရူပဗျာလကြေးရုပ်ထုတော်အား ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် ရွှေစေတီကျောင်းတိုက် စာချဆရာတော် ဘဒ္ဒန္တဇောတိကက ပဋ္ဌာန်းအမွှမ်း ဂါထာရွတ်ဖတ်ပူဇော်ပြီး မြို့နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ ပညာလင်္ကာရ ကျောင်းတိုက်ပဓာနနာယက ဆရာတော်အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တနာဂိန္န မဟာထေရ်မြတ်ထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ယင်းနောက် ရခိုင်ပြည်နယ်သာသနာရေးမှူးရုံးမှ သာသနာရေးလက်ထောက်-၃ ဦးသိန်းထွန်းက ပင့်ဖိတ်ထားသော နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၅)  အစည်းအဝေးသို့ တက်ရောက်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဝန်ထမ်းများ၏ ရုံးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက်ဌာန၊အဖွဲ့အစည်းများ၏  ဖွဲ့စည်းပုံတွင် ဝန်ထမ်းများအား အဆင့်ဆင့်ကွပ်ကဲသည့်စနစ်ဖြင့် တာဝန်ပေးအပ်ထားပြီးဖြစ်သည့် အတွက် တာဝန်ရှိဆုံး အဆင့်ဆင့်မှလည်း ကြီးကြပ်ရန်လိုအပ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုထားသည့် လုပ်ငန်းများအား ဘဏ္ဍာရေးနှစ်အတွင်းပြီးစီးအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ညွှန်ကြားချက်များနှင့် အညီအလေးထားပြီး စနစ်တကျဆောင်ရွက်စေလိုကြောင်း၊ ယခင်နှစ် ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ဘဏ္ဍာငွေများ ပြန်လည်အပ်နှံခဲ့ရသည့်အတွက် ဒေသအတွက် များစွာထိခိုက်နစ်နာမှုရှိခဲ့ရကြောင်း၊ ထို့ကြောင့် ခွင့်ပြုပေးထားသည့် လုပ်ငန်းများကို ပြန်လည်အပ်နှံမှုမရှိဘဲ ပြီးစီးအောင်ဒေသအတွက် အကျိုးရှိအောင် ဆောင်ရွတ်ပေးကြရန်လိုအပ်ကြောင်း၊  ဘဏ္ဍာနှစ်အတွင်း လျားထားချက်များအတိုင်း အချိန်မီစီးနိုင်ရေး စနစ်တကျကြပ်မတ်ဆောင်ရွက်ရန်နှင့် တင်ဒါလုပ်ငန်းစဉ်များကိုလည်းယခုအချိန်မှစ၍ ဆောင်ရွက်နိုင်ရန် အလေးထားပြောကြားလိုကြောင်း၊ ထို့ပြင် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးနှင့်ပတ်သက်၍ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေအရ ရသင့်ရထိုက်၊ ခံစားသင့်ခံစားထိုက်သည့် ဝန်ထမ်းများ၏ အခွင့်အရေးကို အလေးထားဆောင်ရွက်ပေးရမည်ဖြစ်သည့်အပြင် လုပ်ငန်းခွင်ပျော်ရွှင်မှုရရှိရေးအတွက် စိတ်ဓာတ်မြှင့်တင်ရေးအစီအစဉ်များကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့မှသာလုပ်ငန်းခွင်ပျော်ရွှင်မှုများကို ရရှိပြီးပေးအပ်သည့်တာဝန်များအပေါ် စိတ်ပျော်ရွှင်စွာ ထမ်းဆောင်နိုင်၍ စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ယနေ့ကာလတွင် နိုင်ငံတော်အပေါ် သစ္စာရှိစွာနှင့် ဌာနလုပ်ငန်းတွင် အောင်မြင်အောင် ဆောင်ရွက်ပေးနေကြသည် ဝန်ထမ်းများအားလုံးကိုလည်း အသိ အမှတ်ပြုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ  သက်သာချောင်ချိရေး ဆန်ရိက္ခာအပါအဝင် အခြေခံစားကုန်များကိုလည်းပေးအပ်လျက်ရှိကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကို လစဉ်ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ ၂၀၂၅ခုနှစ်၊ နွေရာသီလူငယ်ရေးရာ ဖွံ့ဖြိုးရေးသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ မတ်လ ၂၈ ရက်နေ့က လှုပ်ခဲ့သောငလျင်ဒဏ်ကြောင့် လက်ရှိဖြစ်ပွား ခံစားနေရသည့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်တို့တွင်လူနှင့်အဆောက်အဦများ ပျက်စီးဆုံးရှုံးမှု အများအပြား ဖြစ်ပေါ်ခဲ့ကြောင်း၊  သဘာဝဘေးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရေး စီမံချက်များရေးဆွဲထားရမည်ဖြစ်၍ မိမိတို့ ရခိုင်ပြည်နယ်အနေဖြင့် မိုးဦးရာသီများတွင် အမြဲဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းအန္တရာယ်ကို ကြိုတင်သတိပြုပြီးအစီအမံများ ကြိုတင်ရေးဆွဲထားရမည်ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးအဖွဲ့၊ ပြည်နယ်ဝန်ကြီးများက မိမိတို့ဌာနအလိုက် လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်မေးမြန်းဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)