မုဒုံ ဧပြီ ၂၄
မွန်ပြည်နယ် မုဒုံမြို့တွင် ၂၀၂၅ ခုနှစ် ကာယပညာနှင့် အားကစားနည်းပြ (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က (၂) ကျောင်းရှိ ပညာရတနာခန်းမ၌ ပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် မုဒုံမြို့နယ် ပညာရေးမှူး ဦးသန်းထွန်းဋ္ဌေးက ကိုယ်ကာယကြံ့ခိုင်သန်စွမ်းရုံသာမက အသိပညာရှင်၊ အတတ်ပညာရှင်၊ ဆန်းသစ်တီထွင်သူ ပညာရှင်များဖြစ်အောင် ကြိုးစားချင်စိတ်၊ အားထုတ်လိုစိတ်၊ ပညာသင်ချင်စိတ်များ ပေါ်လာအောင် တက်ကြွလန်းဆန်းသည့် တပည့်များဖြစ်အောင် မွေးထုတ်ပေးရမှာက ဆရာ၊ ဆရာမတွေ၏ တာဝန်ဖြစ်ပါကြောင်း ၊ နိုင်ငံတကာအဆင့်မီ ပညာရေးကို တတ်မြောက်သော လူငယ်မောင်မယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးရန်လိုအပ်ပါကြောင်း၊ ယခုသင်တန်းတွင်လည်း အားကစားနည်းများအပြင် Physical Fitness Dance ကိုပါ ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ကာယဆိုသည်မှာ ခေါင်း၊ ခါး၊ ခြေ၊ လက် အစရှိသော ကိုယ်ခန္ဓာအစိတ်အပိုင်းလှုပ်ရှားခြင်း၊ လေ့ကျင့်ခြင်း၊ ကစားခြင်းဖြင့် မိမိကိုယ်ကာယဖွံ့ဖြိုးအောင် သင်ကြားပေးတဲ့ ပညာရပ်ဖြစ်ပါကြောင်း၊ ကိုယ်ကာယလှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် ကိုယ်ခန္ဓာကြံ့ခိုင်စေပြီး နည်းဥပဒေကို အရင်းတည်၍ စာရိတ္တတိုးတက်မှုကို ဖြစ်ပေါ်စေသော ဘာသာရပ်ဖြစ်ပါကြောင်းနှင့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွက်လာမှာဖြစ်ကြောင်း အမှာစကားပြောကြားသည်။
အဆိုပါ ကာယပညာနှင့်အားကစားနည်းပြ မွမ်းမံသင်တန်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကာယဆရာ ၊ ဆရာမ (၅၀) ဦးအား သင်တန်းနည်းပြဆရာ သုံးဦးမှ (၃) ရက်ကြာ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရာမည