ရေဦး ဧပြီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁ နာရီက မီးဘေးနှင့်သဘာ၀ဘေး"ငလျင်အန္တရာယ်"အကြောင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။ ဟောပြောပွဲသို့ အခြေခံပညာမူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူ ၃၃ ဦး တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေ၀င်းက ပြည်သူကို ဗဟိုပြုလျက် ပြည်သူ့၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဆာမူအဲလ်က မီးလောင်မှုဖြစ်ပွားရခြင်းနှင့် စနစ်တကျ မီးငြှိမ်းသတ်ကာကွယ်နည်းများအပါအ၀င် သဘာ၀ဘေးအန္တရာယ်တစ်ခုဖြစ်သည့် ငလျင်လှုပ်နေစဉ် အသက်အန္တရာယ်မဖြစ်စေရန် လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများကို ကလေးငယ်များနားလည်သဘောပေါက်အောင် ဟောပြောဆွေးနွေးပေးခဲ့ပြီး ဒုတိယဦးစီးမှူး ဦးအောင်ကိုနိုင်က သဘာဝအန္တရာယ် ကြုံတွေ့လာပါက လိုက်နာဆောင်ရွက်ရမည့် အချက်များကို လက်တွေ့ပြသပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်(၉)မျိုးတွင် တစ်ခုအပါအဝင်ဖြစ်သည့် ငလျင်ဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းသန်း(ပြန်/ဆက်)