နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ငလျင်‌ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများနှင့် နွေစပါးစိုက်ခင်းများ ရေရရှိရေးကြည့်ရှုစစ်ဆေး

တပ်ကုန်း ဧပြီ ၂၄

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူ၊ တာဝန်ရှိသူများနှင့်အတူ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေး‌မြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အဦများနှင့် နွေစပါးစိုက်ခင်းများ ရေရရှိရေး ယမန်နေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုခဲ့ရာ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများ ကျားသေအိုင်ကျေးရွာ၊ သာသနာ့ဝေပုလ္လကျောင်းတိုက်သို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ ဆန်၊ ဆီ၊ လှုဖွယ်ပစ္စည်းမျိုးစုံနှင့် ဝတ္ထုငွေဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ကျောင်းဝင်းအတွင်း ဘုရားစေတီနှင့် သိမ်ကျောင်း၊ သာသနိကအဆောက်အဦများ ထိခိုက်ပျက်စီးမှုအခြေအနေများ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဆောင်ရွက်ရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ပြီးနောက် ဗိုလ်မင်းရောင်ရပ်ကွက်၊ မိုဃ်းကောင်းဓမ္မာရုံတွင် MAX CEMENT တံဆိပ် ဘီလပ်မြေအိတ်များ သတ်မှတ်ဈေးနှုန်းရောင်းချနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ  နွေစပါးစိုက်ခင်းများ ရေရှိရေး  ဆင်သေရေလွှဲဆည်မှ ၂၀ လက်မပိုက် တစ်က္ကန့်လျှင် ၃၀ ကုဗပေ၊ ၆၇၈၀၀၀ ရေဂါလံ၊ ၉ လက်မပိုက် တစ်က္ကန့်လျှင် ၉ ကုဗပေ၊ ၂၀၀၀၀၀ ရေဂါလံထွက်နှုန်းဖြင့် လက်ဝဲမြောင်းမကြီး အတွင်း ရေတင်ပေးမှုအား ကြည့်ရှုခဲ့ပြီးနောက် နွေစပါးစိုက်တောင်သူများ ရေများမျှတစွာရရှိရေး ဆွေးနွေးမှာကြားခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများ  ကွင်းအမှတ် ၂၀၄၀ ရေအေးကွင်းအတွင်း ဆိုလာစနစ်ရေတင်နေမှုနှင့် ၁၃၀၅ ခရမ်းစပ်ကုန်းကွင်း၊ ၁၄၁၂ ရှောက်ကုန်းကွင်း နွေစပါးစိုက်ခင်းများအား ကြည့်ရှုခဲ့သည်။

ယင်းနောက်  နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ ငလျင်ဘေးကြောင့်  ရန်ကုန်-မန္တလေး အမြန်ကားလမ်းနှင့် တပ်ကုန်းမြို့ ဆက်သွယ်ထားသည့် ကွန်ကရစ်ကားလမ်း မိုင်တိုင်အမှတ် ၄/၀၂နှင့်၅/၃ ကြား ပျက်စီးမှု၊ လမ်းလွှဲဆောင်ရွက်နေမှုနှင့် လျှပ်စစ်မီးတိုင်များ ပြန်လည်ပြုပြင်နေမှုများ ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် လိုအပ်များကို သက်ဆိုင်ရာတာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများ ငလျင်ဘေးကြောင့် မြဝတီရပ်ကွက်အတွင်း သုံးထပ်အဆောက်အဦပျက်စီးမှုအား ကြည့်ရှုစစ်ဆေးပြီး အန္တရာယ်လွတ်ကင်းစွာပျက်သိမ်းရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်