နမ့်စန်(တ) ဧပြီ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဟိုမိန်းပြည်သူ့စစ်(ဌာနေ)အဖွဲ့၏ အခြေခံစစ်ပညာသင်တန်း (၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို နမ့်စန်ကျေးရွာအုပ်စု၊ ဝမ်ကျောင်းကုန်းကျေးရွာအနီးတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တပ်မတော်အရာရှိများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက သင်တန်းဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။
ထို့နောက် ဟိုမိန်းပြည်သူ့စစ်(ဌာနေ)အဖွဲ့မှ ဒုဥက္ကဋ္ဌ ဦးခွန်တိုးအောင်က သင်တန်းဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက အခြေခံစစ်ပညာသင်တန်း တက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းတာဝန်ခံတစ်ဦးက လက်ခံရယူခဲ့သည်။
အဆိုပါ ပြည်သူ့စစ်အခြေခံစစ်ပညာသင်တန်းကို မေလ ၂၃ ရက်နေ့ထိ သင်တန်းကာလ (၁)လ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး စုစုပေါင်း သင်တန်းသား (၂၃၄) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
သူရအောင်(နမ့်စန်)