ထားဝယ် ဧပြီ ၁၂
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၄)ခရိုင် အသက်(၁၈)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ ဗိုလ်လုပွဲသို့ တက်ရောက်လာသော ထားဝယ်ခရိုင်(က)အသင်းနှင့် ထားဝယ်ခရိုင်(ခ)အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ အားကစားသမားနှင့်အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ ထားဝယ်ခရိုင်(က)အသင်းက (၃)ဂိုး(၀)ဂိုးဖြင့်အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်က အသက်(၁၈)နှစ်အောက် ဘောလုံးအသင်းသို့ စားစရိတ်ငွေ (၂,၇၂၀,၀၀၀)ကျပ်အား ပေးအပ်ရာ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးမှူး ဦးစိုးမိုးနိုင်က လက်ခံရယူပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုက ပွဲစဉ်တစ်လျှောက်ပါဝင်ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဥပဒေချုပ်ဦးအုန်းသန်းက ရှေ့တန်းအကောင်းဆုံးဆုရရှိသော ထားဝယ်ခရိုင်(က)အသင်းမှ မောင်အောင်ကျော်စိုးအားလည်းကောင်း၊ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက အလယ်တန်း အကောင်းဆုံးဆုရရှိသော ထားဝယ်ခရိုင်(က)အသင်းမှ မောင်ဟန်ထူးဈာန်အားလည်းကောင်း၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က နောက်တန်းအကောင်းဆုံးဆုရရှိသော ထားဝယ်ခရိုင်(ခ)အသင်းမှ မောင်ညီထွေးလေး အားလည်းကောင်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်က ဂိုးအကောင်းဆုံးဆုရရှိသော ကော့သောင်းခရိုင်အသင်းမှ မောင်သူရနိုင်အားလည်းကောင်း၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားဆုရရှိသော ထားဝယ်ခရိုင်(ခ)အသင်းမှ မောင်အောင်သူဇော်အားလည်းကောင်း၊ တစ်ဦးချင်းဆုနှင့်ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။
ယင်းနောက် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ဒုတိယဆုရရှိသည့် ထားဝယ်ခရိုင်(ခ)အသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆုပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်က ပထမဆုရရှိသည့် ထားဝယ်ခရိုင်(က)အသင်းအား တစ်ဦးချင်းဆုနှင့်ငွေသားဆုပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ပထမဆုရရှိသည့်ထားဝယ်ခရိုင်(က)အသင်း အား တံခွန်စိုက်ဆုဖလားပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)