တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို ကော့သောင်းမြို့နယ်၊ (၁၀)မိုင်ကျေးရွာရှိ “အလင်းရောင်” စာကြည့်တိုက်သစ်ဖွင့်ပွဲသို့တက်ရောက်

ကော့သောင်း မတ် ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် နှစ်(၈၀)ပြည့်တပ်‌မတော်နေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် ကော့သောင်းမြို့နယ်၊ (၁၀)မိုင်ကျေးရွာရှိ “အလင်းရောင်” စာကြည့်တိုက်သစ်ဖွင့်ပွဲ အခမ်းအနားသို့ ယမန်နေ့နံနက်ပိုင်းက တက်ရောက်ကြကြောင်း သိရသည်။

ရှေးဦးစွာအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက “အလင်းရောင်”စာကြည့်တိုက် အဆောက်အအုံ သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက အမှာစကားပြောကြားရာ “မြန်မာနိုင်ငံ၌ လူမှုဘဝနေထိုင်မှုပုံစံများ ပြောင်းလဲလာသည့်အလျောက် စာဖတ်သည့်အလေ့အထများ နည်းပါးလာခြင်းသည် အဓိကကျသော အချက်တစ်ခု ဖြစ်ကြောင်း၊ ပြည်သူများစာပေဖတ်ရှုခြင်း အလေ့အထရှိပြီး အသိပညာဗဟုသုတများကို စဉ်ဆက်မပြတ် ရှာဖွေလေ့လာနိုင်မှသာ လူတစ်ဦးချင်းမှသည် တိုင်းပြည်အတွက်အကျိုးများ နိုင်သလို စွမ်းဆောင်မှုများကိုလည်းပေးနိုင်သည်ဖြစ်၍ စာဖတ်နိုင်သောပတ်ဝန်းကျင်နှင့် စာဖတ်သည့် အလေ့အထများ တိုးပွားလာအောင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ကျပ်သိန်း(၁၅၀)လှူဒါန်း၍ စာကြည့်တိုက် အသစ်များကို တည်ဆောက်ပေးနေခြင်းဖြစ်ပါကြောင်း၊ ထို့အတူစာကြည့်တိုက်များ ပြုပြင်ရန် လိုအပ်တဲ့စာကြည့်တိုက်များကို စာကြည့်တိုက်များဖွင့်လှစ်နိုင်အောင် ကော့သောင်းမြို့နယ်၊ ချောင်းဝ‌စာကြည့်တိုက်အားပြုပြင်ရန် သိန်း(၅၀)လှူဒါန်းခဲ့ပါကြောင်း၊ စာကောင်းပေမွန်တို့ကို ငယ်စဉ်ကာလပင် စွဲစွဲမြဲမြဲဖတ်ရှုသည့် အလေ့အထတို့ရှိကြရန်လိုကြောင်း၊ ကလေးသူငယ် လူငယ်လူရွယ်များ အရွယ်အလိုက် စာပေကိုဖတ်ရှုကြရန် ပျိုးထောင်ပေးဖို့လည်း လိုအပ်ပါ‌ ကြောင်း၊ ယနေ့ကမ္ဘာကြီးရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ ရွာတစ်ရွာကဲ့သို့ဖြစ်နေပြီး Global Village ဟုတင်စားပြောဆိုကြသည်မှာမှန်ပါကြောင်း၊ သို့သော်ရုပ်ဝတ္ထုပစ္စည်းများ မည်မျှပင်တိုးတက်ပါစေ အဆိုပါရုပ်ဝတ္ထုပစ္စည်းများကို ကိုင်တွယ်အသုံးပြုကြသည့် လူသားများ၏ စိတ်ဓာတ်များသည် မတိုးတက်မမှန်ကန် အားနည်းနေမည်ဆိုပါက ကောင်းကျိုးထက် ဆိုးကျိုးများနှင့်ကြုံရနိုင်ချေများ၍ အသိဉာဏ်ပညာ ပြည့်ဝကြမှာသာ ကောင်းကျိုးပြည့်ဝသည့် ပတ်ဝန်းကျင်ကိုဖန်တီးနိုင်မှာဖြစ်ပါကြောင်း၊ စာကြည့်တိုက်များကိုအသုံးပြု၍ စာများများဖတ်ရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ကျပ်သိန်း(၁၅၀)ဖြင့် (၄)တိုက်ခွင့်ပြုခဲ့ရာ ယခုဖွင့်လှစ်သည့် ဆယ်မိုင်ကျေးရွာ “အလင်းရောင်”စာကြည့်တိုက်သည် စာကြည့်တိုက်အသစ် ဆောက်လုပ်မှုမှာ (၃)တိုက်မြောက်ဖွင့်လှစ်သည့် စာကြည့်တိုက်ဖြစ်ပါကြောင်း ယခုအခါမှာတော့ အကြောင်းအမျိုးမျိုးကြောင့် စာကြည့်တိုက်အများစုရပ်နားနေခဲ့တဲ့အတွက် ပြန်လည်၍ အသက်ဝင်လှုပ်ရှားလာအောင် ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း” အမှာစကား ပြောကြားခဲ့သည်။

ယင်း‌နောက် ကော့သောင်းခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့်အဖွဲ့ဝင်များမှ “အလင်းရောင်” စာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များလှူဒါန်းခဲ့ရာ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်တစ်ဦးက လက်ခံရယူခဲ့ပြီး စာကြည့်တိုက်ကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။ ယင်းနောက်ဖွင့်ပွဲအခမ်းအနားအပြီးတွင်  ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားကာ ကျေးရွာစာကြည့်တိုက်အတွက် TV ဝယ်ယူတပ်ဆင်ရန် အလှူငွေကျပ် ၅ သိန်းအား ကျေးရွာစာကြည့်တိုက်ကော်မတီထံ လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)