ပဲခူး မတ် ၂၆
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်္ဂဟတရားနှင့် လျော်ညီသည့် ချီးမြှင့်ထိုက်သူ ချီးမြှောက်ထုက်သူတို့ကို ဖော်ထုတ်ချီးမြှင့်ခြင်းပြုသည့် ထူးခြားလေးနက်သည့် အခမ်းအနား တစ်ခုဖြစ်ကြောင်း၊ ရှေးမြန်မာဘုရင်များလက်ထပ်မှ ယနေ့အထိ နိုင်ငံတော်တည်ဆောက်ရေး၊ ကာကွယ်ရေးနှင့် စီမံခန့်ခွဲရေးစသည့် ကဏ္ဍများတွင် စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်ခဲ့ကြသူများကို သက်ဆိုင်ရာနယ်ပယ်အလိုက် ဘွဲ့ထူး၊ ဂုဏ်ထူးများပေး၍ ချီးမြှင့်မြှောက်စားခဲ့ကြသလို ပဲခူးတိုင်းဒေသကြီးအတွင်းမှာလည်း စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှု၊ စီမံခန့်ခွဲရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လုံခြုံရေး၊ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးစသည့် ကဏ္ဍအသီးသီးတွင် ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့သူများအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံတော်နှင့် တိုင်းဒေသကြီးအကျိုး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် လူပုဂ္ဂိုလ်(၁၂၇)ဦးအား ဖော်ထုတ်၍ ဂုဏ်ထူးဆောင်ဆုတံဆိပ် ချီးမြှင့်အပ်နှင်းပေးသွားမှာဖြစ်ကြောင်း၊ ဂုဏ်ထူးဆောင်ဆုတံဆိပ် ရရှိသူများသည် သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျရာတာဝန်များကို အများနှင့်မတူ ထူးခြားစွာစွမ်းဆောင်နိုင်ခဲ့ကြသူများဖြစ်ပြီး ဂုဏ်ထူးဆောင်ဆုတံဆိပ်ရရှိသူများ၏ မိသားစုဝင်များအတွက် သားစဉ်မြေးဆက် ဂုဏ်ယူဝံ့ကြွားစရာ သမိုင်းမှတ်တိုင် အထိမ်းအမှတ် သင်္ကေတအဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်ကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု ပထမရရှိသူများအားလည်းကောင်း၊ ဝန်ကြီးချုပ်၏ ဇနီး ဒေါ်စိုးစိုးသက်က စက်မှုလက်မှုထူးချွန် ပထမဆု၊ အားကစား ထူးချွန် ပထမဆု၊ ပညာရေးဆိုင်ရာထူးချွန် ဒုတိယဆု၊ လူမှုရေးဆိုင်ရာထူးချွန် ဒုတိယဆုနှင့် ဝန်ထမ်းမှုထူးချွန်ဒုတိယဆုတို့အား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုလက်မှတ် ၊ ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တက်ရောက်လာသည့် ဂုဏ်ပြုခံပုဂ္ဂိုလ်များ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး လက်ဖက်ရည်နှင့်မုန့်များဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)