ကျောက်ဆည်မြို့၌ ခရိုင်အဆင့်အခြေခံပညာအထက်တန်းသင် ဆရာ/ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ပြုလုပ်

ကျောက်ဆည် မတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းတွင် အခြေခံပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံအတွက် အရေးကြီးသော လူသားအရင်းအမြစ်များ အစွမ်းကုန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့ နံနက်(၉)နာရီက ခရိုင်အဆင့် အခြေခံပညာအထက်တန်းသင် ဆရာ/ဆရာမမများ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်က ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များရှိ အခြေခံ ပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများ သင်ယူတက်မြောက်မှု စွမ်းရည်မြင့်မားလာစေရေး၊ ဘာသာရပ်သင်ခန်းစာများတွင် သိမှုနယ်ပယ်၊ ကျွမ်းကျင်မှုနယ်ပယ်၊ ခံစားမှုနယ်ပယ်များအလိုက် ထိရောက်အောင်မြင်သော သင်ကြားသင်ယူမှုဖြစ်စေရေး၊ တက်မြောက်မှုကိုစစ်ဆေးရာတွင် မေးခွန်းကောင်းတို့၏ အင်္ဂါရပ်များနှင့် ကိုက်ညီပြီး တီထွင်ဖန်တီးနိုင်မှုစွမ်းရည်၊ တွေးခေါ်မြော်မြင်မှု စွမ်းရည်ကို ဖော်ပြသောစစ်ဆေးတိုင်းတာမှု ဖြစ်စေရေး၊ အခြေခံပညာအဆင့်အလိုက် အတန်းကူး ပြောင်းနှုန်းမြင့်မားစေရေးအတွက် ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။

ထို့နောက် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြင့်မားရေးဆွေးနွေးပွဲကို အတန်းအလိုက်၊ ဘာသာရပ်အလိုက်၊ သင်ကြားသင်ယူမှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သင်ယူတက်မြောက်မှုများ ကိုက်ညီစေရေး၊ သိမှုနယ်ပယ်၊ ကျွမ်းကျင်မှုနယ်ပယ်၊ ခံစားမှုနယ်ပယ်များအလိုက် ထိရောက်စွာ ဆောင်ရွက်နိုင်ရေး နည်းပြဆရာ/ဆရာမ(၄၂)ဦးမှ ဦးဆောင်၍ ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြောင်းနှင့် ဆွေးနွေးပွဲတွင် ကျောက်ဆည်မြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ(၂၂၇)ဦး၊ စဉ့်ကိုင်မြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ(၁၈၈)ဦး၊ မြစ်သားမြို့နယ်မှ သင်တန်းသား သင်တန်းသူ (၁၇၃)ဦး တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို မတ်လ(၂၄)ရက်နေ့မှ မတ်လ(၂၈)ရက်နေ့အထိ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

သက်မောင် (ပြန်/ဆက်)