ကျောက်တံခါးမြို့နယ်တွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်(မြို့နယ်အဆင့်) အရည်အသွေးမြှင့် ဆွေးနွေးပွဲဖွင့်လှစ်

ကျောက်တံခါး မတ် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်(မြို့နယ်အဆင့်) အရည်အသွေးမြှင့်ဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက အ-ထ-က(အနောက်ရပ်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဒေါ်သန္တာကျော်က ဆွေးနွေပွဲတွင် လိုက်နာရမည့်စည်းကမ်းချက်များနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

မြို့နယ်အဆင့်အရည်အသွေးမြှင့်ဆွေးနွေးပွဲများကို မူလတန်းအဆင့်အား အ-ထ-က(ကျောက်တံခါး)ကျောင်းတွင် ဖွင့်လှစ်ပြီး သင်တန်းနည်းပြ ဆရာ/ဆရာမ(၅၄)ဦးက ဆွေးနွေးပို့ချပြီး မူလတန်းအ‌ဆင့် ဆရာ/ဆရာမ(၈၄၀)ဦး တက်ရောက်မည်ဖြစ်ကြောင်းနှင့် အလယ်တန်းအဆင့်ကို အ-ထ-က(အနောက်ရပ်)ကျောင်းတွင် ဖွင့်လှစ်၍ သင်တန်းနည်းပြ ဆရာ/ဆရာမ(၄၃)ဦးတို့က ဆွေးနွေးပို့ချပြီး  အလယ်တန်းအဆင့် ဆရာ/ဆရာမ(၆၄၈)ဦးတက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အရည်အသွေးမြှင့်ဆွေးနွေးပွဲကို မတ်လ(၂၄)ရက်မှ (၂၈)ရက်ထိ (၅)ရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)