ပန်းတနော် မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ဘာသာရပ်စွမ်းရည်မြှင့် ဆရာ/ဆရာမများ၏ ဘာသာရပ်အလိုက် သင်ကြား၊သင်ယူမှု အရည်အသွေးများကို မြှင့်တင်ပေးရန် ရည်ရွယ်၍ မြို့နယ်အဆင့် အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံ သင်တန်း၊ ဆွေးနွေးပွဲအခမ်း အနားကို ယနေ့ နံနက် ၉ နာရီ အချိန်က အထက-၁ ကျောင်း မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်ပညာရေးမှူး (ကိုယ်စား) ဦးစီးအရာရှိ ဒေါ်ဝင်းကြည်က သင်တန်းနှင့် ပတ်သက်သည့် လုပ်ငန်းများအား ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက်ပန်းတနော်မြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်ငွေဌေးက ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး (ပညာ)ဆရာကြီး ဦးစောလားအေးက မြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်အားရှင်းလင်းပြောခဲ့သည်။
သင်တန်းတွင် ပန်းတနော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများနှင့် ဘာသာရပ်သင် ဆရာ၊ ဆရာမများ သင်တန်းသား၊ သင်တန်းသူ (၁၇၇၆)ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြ(၁၁၈)ဦးက မတ်လ ၂၄၊ ၂၅၊ ၂၆၊၂၈ ရက်အထိ (၄)ရက်အကြာ သင်ခန်းစာ ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)