ဘိုကလေး မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဟိုင်းစီကျေးရွာအုပ်စု၊ ဟိုင်းစီကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယနေ့နံနက် (၉)နာရီခွဲ အချိန်၌ အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်နိုင်ရေး အသိပညာပေး ဟောပြောခဲ့ကြသည်။
ဟောပြောပွဲသို့ ဖျာပုံခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ဥက္ကဋ္ဌ၊ ဒေါ်ခင်စန္ဒာဦးနှင့် ဘိုကလေးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံအမျိုးသမီးများတက် ရောက်ကြပြီး ဖျာပုံခရိုင် အမျိုးသမီးရေးရာအဖွဲ့၊ ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဦးက တရားမဝင် လူကုန်ကူးမှုနှင့် ပတ်သတ်၍အမျိုးသမီးများအပေါ် ကာကွယ်စောင့်ရှောက်ရမည့် ကိစ္စရပ်များ၊ လူကုန်ကူးမှု မဖြစ်ပွားရေးအတွက် ကြိုတင်ကာကွယ်ရမည့်နည်းနာများ၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ရတနာမျိုးက အမျိုးသမီးများအား သွေးဆောင်ဖြားယောင်၍ ခိုးယူပေါင်းသင်းမှု ဖြစ်စဉ်များ၊ ၎င်းကိစ္စရပ်များနှင့် ပတ်သတ်သည့် ဥပဒေအကြောင်းအရာများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုဦးစီးမှူး ဒေါ်ဝါဝါခိုင်က သက်ငယ်မုဒိမ်းမှုများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ် ထိန်းသိမ်းရမည့် နည်းနာများ၊ သက်ငယ်မုဒိမ်းဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ၊ ဘိုကလေးမြို့မ ရဲစခန်းမှ ဒုရဲအုပ် သင်းယုလှိုင်က အမျိုးသမီးများ၏ အခွင့်အရေးဥပဒေများ၊ အခွင့်အရေး ဥပဒေများ ချိုးဖျက်ခြင်း၏ ပြစ်မှုပြစ်ဒဏ်များ၊ အမျိုးသမီးများအပေါ်အကြမ်းမှုဖြစ်စဉ်များ၊ အမျိုးသမီးများအပေါ် လူကုန်ကူးမှုဖြစ်စဉ်များ၊ အရေးယူဆောင်ရွက်ခဲ့မှုများအား အသီးသီးအကျယ်တဝင့် ဆွေးနွေးအသိပညာပေး ဟောပြောခဲ့ပြီး ဟောပြောပွဲတက်ရောက်လာကြသော ဒေသခံများအား တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)