အိမ်မဲမြို့နယ်တွင် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

အိမ်မဲ မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့်ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အ-ထ-က(၂)ကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယပညာရေးမှူး ဆရာကြီးဦးအောင်မင်း၊ ဆရာကြီး ဦးသက်နိုင်အေးတို့က စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးပြောကြားခဲ့ကြသည်။

အဆိုပါသင်တန်းများဖြစ်သော မူလတန်းဆင့်ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို အိမ်မဲမြို့နယ်အထက်ပိုင်းရပ်ကွက်ရှိ အ-ထ-က(၁)ကျောင်းတွင် သင်တန်းသား/သူ (၉၆၄)ဦး၊ နည်းပြ (၆၄)ဦး၊ ကြီးကြပ်ရုံးအဖွဲ့ (၄)ဦးတို့ဖြင့်လည်းကောင်း၊ အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို အိမ်မဲကြီးရပ်ကွက်ရှိ အ-ထ-က(၂)ကျောင်းတွင် သင်တန်းသား/သူ (၄၅၄)ဦး၊ နည်းပြ (၃၄)ဦး၊ ကြီးကြပ်ရုံးအဖွဲ့(၃)ဦးတို့ဖြင့် မတ်လ ၂၄ ရက်နေ့မှစ၍ (၄)​ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)