မိတ္ထီလာမြို့ပေါ်ရှိ ဆေးဆိုင်များရှိ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများရောင်းချနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

မိတ္ထီလာ မတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ပေါ်ရှိ ဆေးဆိုင်များရှိ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ရောင်းချနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများသုံစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှု မရှိသော ကုန်စည်များလျော့နည်းပပျောက်သွားစေရေးတို့ အတွက် နေရာစုံ၌ နည်းလမ်းပေါင်းစုံဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူ တစ်ရပ်လုံးကို အသိပညာ ပေးလျက်ရှိရာ တစ်ဖက်မှလည်း ဈေးကွက်များအတွင်းရောင်းချမှု မရှိစေရေးရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မိတ္ထီလာမြို့ပေါ်ရှိဆေးနှင့်ဆေးပစ္စည်းရောင်းချနေသောဆိုင်များအား  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ယင်းသို့ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့ဝင်များသည် ဆေးနှင့်ဆေးပစ္စည်း ရောင်းချသောဆေးဆိုင်များတွင် ကျန်းမာရေးအထောက်အကူပြု အသုံး အဆောင်ပစ္စည်းများဖြစ်သော သွေးပေါင်ချိန် စက်၊ ဆီးချိုသွေချိုးတိုင်းစက်၊ ကွန်ဒုံး၊ ဆီးစစ်ကိရိယာစသည့် ပစ္စည်းအမျိုးမျိုးနှင့် သက်ဆိုင်ရာဌာန ထောက်ခံချက်ပါဝင်သော ဆေးဝါးများ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများနှင့်ကိုက်ညီသော ဆေးဝါးများသာရောင်းချစေရေးတို့ အတွက် စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး၊ စစ်ဆေးမှုများတွင် သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ကျန်းမာရေးအထောက်အကူပြု အသုံးအဆောင်ပစ္စည်းအမျိုးမျိုးနှင့် ဆေးဝါးများကိုသာ ရောင်းချမှုရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)