ပုသိမ် မတ် ၂၄
၂၀၂၅ခုနှစ် (၁၃၈၆) ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၂၂ ရက်နေ့ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မဟာသင်္ကြန်ပွဲ တော်ကျင်းပရေး ဦးစီးကော်မတီများနှင့် လုပ်ငန်းကော်မတီများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါကြောင်း၊ ယခုနှစ်တွင် ပိုမိုထူးခြားလေးနက်သည်မှာ မြန်မာနိုင်ငံအနေဖြင့်မဟာသင်္ကြန် ပွဲတော်သည်ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် မှတ်တမ်းဝင်ခဲ့ခြင်းကြောင့် ယခင်နှစ်များ ထက်ပိုမိုစည်ကားစွာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခင်နှစ်များနည်းတူ လမ်းလျှောက်သင်္ကြန်အား စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပမည်ဖြစ်၍ လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲသူများအနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစွာဖြင့်သွားလာနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် လိုပါကြောင်း၊ မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်များကို တိုင်းဒေသကြီးအခြေစိုက်ရာ ပုသိမ်မြို့တွင် သာမက အခြားခရိုင်၊ မြို့နယ်များတွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားကြရန် လိုပါကြောင်း၊ မဟာသင်္ကြန်ပွဲတော်ကာလလများအတွင်း ကပြဖျော်ဖြေမှုများသည်လည်းမြန်မာ့ ယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ဖြစ်ရန်လိုပါကြောင်း၊ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ ယူနက်စကိုမှတ်တမ်းဝင် စာရင်းတင်သွင်းနိုင်ရေး လှုပ်ရှားဆောင်ရွက်မှု များကိုကျင်းပခဲ့ပြီး သင်္ကြန်မဏ္ဍပ်များတွင် သနပ်ခါးလိမ်းသည့်အလေ့အထများရှိခဲ့သဖြင့် ယခုအခါတွင် ပြန်လည်ဖော်ထုတ်ကြရမည်ဖြစ်ပါကြောင်း၊ ဗဟိုမဏ္ဍပ်၊ ဌာနဆိုင်ရာမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များအား လှပတင့်တယ်သောဒီဇိုင်းများဖြင့် စနစ်တကျနေရာချထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် ရေကောင်းရေသန့်များရရှိအောင် စီစဉ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်းနှင့် ပြည်သူအားလုံး ပါဝင်ဆင်နွှဲနိုင်ရေးအတွက်လည်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေး အဖွဲ့များအား ပြင်ဆင်မှုကောင်းကောင်းဖြင့် ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေနိုင်ရေး အစီအမံများ ချမှတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မဟာင်္ကြန်ပွဲတော်အား ယခင်နှစ်ထက် ပိုမိုစည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရန်၊ အားလုံးပူးပေါင်းပါဝင်ပြီး ပျော်ရွှင်စွာဆင်နွဲသည့်သင်္ကြန်ဖြစ်စေရန်နှင့် မှတ်တမ်းတင် ကျန်ရှိစေရေးအတွက် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြရမည် ဖြစ်ပါ ကြောင်း” အဖွင့်အမှာစကားများ ပြောကြားသည်။
ထို့နောက် ဗဟိုမဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းကော်မတီ၊ လမ်းလျှောက်သင်္ကြန် ကျင်းပရေးလုပ်ငန်း ကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ ဗဟိုမဏ္ဍပ်နေ့ စဉ်ကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီ၊ ယိမ်းပြိုင်ပွဲနှင့် ဖျော်ဖြေရေးလုပ်ငန်းကော်မတီ၊ ပရိတ်တရားနာနှင့် ဘေးမဲ့ငါးလွှတ်ပွဲကျင်းပရေး လုပ်ငန်း ကော်မတီ၊ သက်ကြီးပူဇော်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် စိစစ်သုံးစွဲရေး လုပ်ငန်းကော်မတီ၊ သတင်း၊ ပြန်ကြားရေးနှင့်မှတ်တမ်းတင်ရေးလုပ်ငန်းကော်မတီ၊ ပို့ဆောင်ရေးလုပ်ငန်း ကော်မတီ၊ ဆယ်တင်ပစ္စည်းများစိစစ်၍ ပြန်လည်ရောင်းချရေးကော်မတီများကကော်မတီအလိုက် ဆောင်ရွက်မည့်အစီအမံများနှင့် အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့ပြီး ၂၀၂၅ခုနှစ်( ၁၃၈၆)ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)