ချမ်းအေးသာစံ မတ်၂၄
သီပေါဘုရင်မင်းမြတ် တည်ထားကိုးကွယ်ခဲ့သော အရှေ့ပြည်နယ်လုံးဆိုင်ရာ မဟာလောကရန် နှိမ်အောင်တော်မူမြတ်စွာဘုရား သက်တော်(၁၄၂)နှစ်ပြည့်ကိုရည်မှန်း၍ ဘုရားအမှူးပြုသော ဆရာတော်၊ သံဃာတော် (၁၄၃)ပါးတို့အား (၃၁)ကြိမ်မြောက် သံဃဒါနဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန် ရပ်ကွက်ရှိ မဟာလောကရန်နှိမ်အောင်တော်မူ မြတ်စွာဘုရားပရိဝုဏ်တွင် ယမန်နေ့မွန်းလွဲပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါ သံဃဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားသို့ မဟာလောကရန် နှိမ်အောင်တော်မူ မြတ်စွာဘုရားဂေါကပအဖွဲ့ဥက္ကဋ္ဌ၊ ချမ်းအေးသာစံ မြို့နယ်၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ၊ မိုးကောင်းတိုက်၊ သုံးထပ်စာချကျောင်း ဆရာတော် ဘဒ္ဒန္တဝိဓူရ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြည်ညိုကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာလောကရန်နှိမ် အောင်တော်မူမြတ်စွာ ဘုရားအား ဖူးမြော်ကြည်ညို၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သံဃဒါနဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ဆရာတော်၊ သံဃာတော် (၁၄၃)ပါးအား ဆွမ်းဆန်စိမ်းများလောင်းလှူကြသည်။
မဟာလောကရန်နှိမ် မြတ်စွာဘုရားစေတီတော်ကို သီပေါဘုရင်မင်းမြတ်က သက္ကရာဇ် ၁၂၄၄ ခုနှစ်၊ တပေါင်းလဆန်း (၃)ရက်နေ့တွင် သံတောင်တစ်တောင်လျှင် တစ်ပေခွဲရှိပြီး သံခုနစ်တောင်ထား၍ ခုနစ်ရက်ဖြင့်အပြီး တည်ထားကိုးကွယ်ခဲ့ကြောင်းနှင့် တပေါင်းလဆန်း(၁၁)ရက်နေ့တွင် ရွှေထီးအထွတ် တင်လှူတော်မူခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်