တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ ပစ္ဆိမာရုံပရိယတ္တိစာသင်တိုက်ဦးစီးပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တခေမိန္ဒဆရာတော်ဘုရားကြီး၏ ဝိသိဋ္ဌမဟာဂုဏပူဇာ မင်္ဂလာအခမ်းအနားအား တက်ရောက်ကြည်ညိုပူဇော်

ပုသိမ် မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပစ္ဆိမာရုံပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တခေမိန္ဒဆရာတော်ဘုရားကြီး၏  ဝိသိဋ္ဌမဟာဂုဏပူဇာ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သဒ္ဓမ္မဝါစီကျောင်းဆောင်တွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။

ဦးစွာ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တခေမိန္ဒ ဆရာတော်ဘုရားကြီးအား သာသနာရေးဆိုင်ရာ အခမ်းအနားနှင့်အညီ ပင့်ဆောင်ခဲ့ကြခဲ့ကြပြီး အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီးနောက် ဂုဏ်ပြုပူဇော်ပွဲပြုလုပ်ခွင့်ပေးပါရန် တပည့် ဒါယကာ၊ ဒါယိကာမတို့က လျှောက်ထားလွှာကို ရွှေပြည်သာမြို့နယ်၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဂမ္ဘီရဗုဒ္ဓိက ဖတ်ကြားလျှောက်ထားကာ ဆရာတော်ဂုဏ်ပြုပူဇော်ပွဲခွင့်ပြုစာကို ပစ္ဆိမာရုံပရိယတ္တိစာသင်တိုက် စာချကထိကဆရာတော်(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) ဘဒ္ဒန္တဉာဏဝံသက ဆက်လက်ဖတ်ကြားခဲ့သည်။

ထို့နောက် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ပစ္ဆိမာရုံပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တခေမိန္ဒမဟာထေရ်မြတ်၏ ထေရုပ္ပတ္တိအကျဉ်းကို ဘဒ္ဒန္တဣန္ဒောဘာသ (မဟာမြိုင်တောရ) ဆရာတော်မှ ဖတ်ကြားလျှောက်ထားခဲ့ပြီး ဂုဏပူဇာထောပနာဂါထာတော်ကို ဒေါက်တာစိန္တာမယ(ဓမ္မကထိကဗဟုဇနဟိတဓရ၊ မဟာကမ္မဌာနာစရိယ)(ရွေဥက္ကလာ) ဆရာတော်က ရွတ်ဖတ်ပူဇော်ခဲ့သည်။ ဆက်လက်၍ နိုင်ငံတော် ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊  အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ) ဘဒ္ဒန္တဝိဿုတမဟာထေရ်မြတ်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ခေမာသီဝံပရိယတ္တိစာသင်တိုက် ပဓာနနာယက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ(အဘိဓဇမဟာရဋ္ဌဂုရု) ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ ဆရာတော်နှင့်  ပုသိမ်မြို့၊ ပစ္ဆိမာရုံပရိယတ္တိစာသင်တိုက်ဦးစီးပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တခေမိန္ဒဆရာတော်ဘုရားကြီးထံတို့ထံမှ  ဩဝါဒကထာများ ဆက်လက်နာယူကြည်ညိုကြသည်။

ထို့နောက် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပုသိမ်မြို့၊ ပစ္ဆိမာရုံပရိယတ္တိစာသင်တိုက်ဦးစီးပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တခေမိန္ဒဆရာတော်ဘုရားကြီးထံသို့ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်လက်လှူဒါန်းခဲ့သည်။  ယင်းနောက်   တိုင်းဒေသကြီးဝန်ကြီးချုပ်က မတည်အလှူရှင်များက လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ပြီးနောက် သမ္မတနိဗ္ဗာန်ကုန်နှင့်သင်္ကန်းတိုက် အလှူရှင်မိသားစုက ပုသိမ်မြို့၊ ပစ္ဆိမာရုံပရိယတ္တိစာသင်တိုက်ဦးစီးပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တခေမိန္ဒဆရာတော်ဘုရားကြီးအား လှူဖွယ်ပစ္စည်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် ရန်ကုန်မြို့၊ အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ်  နာယကချုပ်ဆရာတော်(အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တသုစိတ္တာဘိဝံသအရှင်သူမြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များသည် အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ အခမ်းအနားကို“ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု”သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးနှင့် အလှူရှင်များက ဆရာတော်သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

လှမင်းထွဋ်(ပြန်/ဆက်)