အောင်မြေသာစံ မတ် ၂၄
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးဝါးတက္ကသိုလ်၊ မန္တလေး၏ (၁၉)ကြိမ်မြောက်၊ အကြိမ်(၂၀)မြောက်၊ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို မတ်လ ၂၂ ရက်နေ့နံနက် ၉ နာရီက မန္တလေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဆေးဝါးတက္ကသိုလ်၊ မန္တလေးပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာ မျိုးသက်တင်နှင့် ပညာရေးအဖွဲ့ဝင်များ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များသည် စင်မြင့်ပေါ်တွင် နေရာယူကြပြီး ပါမောက္ခချုပ်က ဆေးဝါးပညာရှင်များ၏ ဆောင်ပုဒ်ကိုတိုင်ပေးသည်။ ထို့နောက် ဆေးဝါးသိပ္ပံပါရဂူဘွဲ့၊ ဆေးဝါးမဟာသိပ္ပံဘွဲ့နှင့်ဆေးဝါးသိပ္ပံပညာဘွဲ့များအတွက် ကောင်းစွာအောင်မြင် ပေါက်မြောက်ခဲ့ပြီဟု ပညာရေးအဖွဲ့က ကြေညာခြင်းခံရသူများအား ဘွဲ့များအပ်နှင်းချီးမြှင့်သည်။
ဆေးဝါးတက္ကသိုလ်၊ မန္တလေး၏ (၁၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဆေးဝါးမဟာ သိပ္ပံဘွဲ့ (၆)ဦး၊ ဆေးဝါးသိပ္ပံပညာဘွဲ့(၇)ဦး၊ အကြိမ် (၂၀) မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဆေးဝါးသိပ္ပံပါရဂူဘွဲ့(၂)ဦး၊ ဆေးဝါးမဟာသိပ္ပံဘွဲ့(၁)ဦး၊ ဆေးဝါးသိပ္ပံပညာဘွဲ့ (၃၉)ဦး၊ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဆေးဝါးမဟာသိပ္ပံဘွဲ့(၂)ဦး၊ ဆေးဝါးသိပ္ပံ ပညာဘွဲ့(၇၅)ဦး အပါအဝင် စုစုပေါင်း(၁၃၂)ဦးတို့အား ဘွဲ့လက်မှတ်များ ချီးမြှင့်ပြီး ဘွဲ့အပ်နှင်းပေးခြင်းဖြစ်ပြီး ယနေ့ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ချီးမြှင့်ခဲ့သူများအပါအဝင် ဆေးဝါးသိပ္ပံ ပါရဂူဘွဲ့ (၈)ဦး၊ ဆေးဝါးမဟာသိပ္ပံဘွဲ့ (၄၃)ဦး၊ ဆေးဝါးသိပ္ပံပညာဘွဲ့ (၁၇၁၁)ဦးတို့ကို ဘွဲ့များ အသီးသီးချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)