ရေနံချောင်း မတ် ၂၄
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယခုလ ၂၁ ရက်နေ့က စတင်ထုတ်ပေးလျက်ရှိရာ ကျန်ရှိနေသူများအား ယနေ့နံနက်ပိုင်းက ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရေနံချောင်မြို့နယ်၌ ပင်စင်လစာထုတ်ယူသူ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းဦးရေ (၂၀၀၀) ကျော်ရှိပြီး ပင်စင်လစာ ငွေများကို လစဉ် ၂၁ ရက်နေ့မှ စတင်ပြီး ပုံမှန်ထုတ်ပေးလျက်ရှိရာ သတ်မှတ်ရက်အတွင်း လာရောက်မထုတ်ယူနိုင်ပါက ဘဏ်ဖွင့်ရက်များတွင် ရုံးချိန်အတွင်းလာရောက် ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။
ပင်စင်လစာငွေများထုတ်ပေးရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် အချိန်ကြန့်ကြာမှုမရှိစေရန်အတွက် ဘဏ်ဝန်ထမ်းများက စာရင်းဖြည့်သွင်းခြင်းများကို ဆောင်ရွက်ပေးကာ အလှည့်ကျစနစ်ဖြင့် မြန်ဆန်စွာထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုယ်စားလှယ်ထုတ်ယူသူများအနေဖြင့် အထောက်အထားပြည့်စုံစွာ ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်