မြစ်သားမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့်နွေစပါးစိုက်ပျိုးမှုကိုတောင်သူများအား ကွင်းသရုပ်ပြပွဲပြသ

မြစ်သား  မတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ခန္တီးလေး ကျေးရွာကွင်း အမှတ်(၄၅၅)၊ ဦးပိုင်အမှတ်(၁၂.၂၂)၊ တောင်သူ ဦးအောင်ကျော်စိုးစံ၏ စိုက်ပျိုးဧက(၁.၅) ဧကတွင် အမှတ်(၆၄) စက်မှုလယ်ယာစခန်းမှ ဝန်ထမ်းများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံတောင်သူများ ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကို မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ကျောက်ဆည်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဦးချစ်ဆွေဦးက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနည်းစနစ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်က ကောက်ကွက်ပြည့်မှီကာ ပန်းတိုင်အထွက်နှုန်းတိုးမည့် အကြောင်းအရာများကို ပြောကြားခဲ့ပြီးဆက်လက်၍ ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးကျော်က ကောက်စိုက်စက် အသုံးပြုစိုက်ပျိုးခြင်းဖြင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ ကုန်ကျမှုနည်းပါးခြင်း၊  အလုပ်သမားများရှာဖွေရသည့် အခက်အခဲလျော့ကျခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှုပိုမိုခြင်း၊ သက်တောင့်သက်သာစိုက်ပျိုးနိုင်ခြင်း၊ ပျိုးထောင်ဧရိယာ အနည်းငယ်သာလိုအပ်ခြင်း၊      ပျိုးပင်များ  ပြုစုထိန်းသိမ်းမှု လွယ်ကူစိတ်ချရခြင်း၊ သန်မာ၍ ရောဂါကင်းသောပျိုးပင်များရရှိခြင်း၊ လေဝင်လေထွက်ကောင်းပြီး ကောက်ကွက်ဝင်ဆန်မှုတိကျ မှန်ကန်ခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်းကောင်းစေခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသော စပါးခင်းအားစပါးရိတ်စက်၊ ရိတ်သိမ်းချွေလှေ့စက်များဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်းကို ဒေသခံတောင်သူများအား ရှင်းလင်းပြောကြားခဲ့သည်။ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန အမှတ် (၆၄) စက်မှုလယ်ယာ စခန်းမှ မြို့နယ်ဦးစီးဌာနမှူး ဦးရားကိုင်ထန်းက ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးမှုနည်း စနစ်များကို  ဒေသခံတောင်သူများအား လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှူးဦးမိုးကျော်၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးချစ်ဆွေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးရားကိုင်ထန်းနှင့်ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်နှင့် ဝန်ထမ်းများ၊ ဇာမဏီ ကုမဏီ တာဝန်ခံ ဦးဘိုရီ၊ စိမ်းလန်းမြေ‌ ကျောက်မဲ ကုမဏီလီမီတက် အရောင်းတာဝန်ခံ ဦးမောင်မောင်ထွန်း၊ ခန္တီးလေးကျေးရွာနှင့်အနီးရှိကျေးရွာများမှ တောင်သူဦးကြီးများ လက်တွေ့ သရုပ်ပြပွဲတွင် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သီတာအောင်(မြစ်သား)