သာယာဝတီမြို့၌ အခြေခံကာတွန်းရေးဆွဲနည်းသင်တန်း အခမဲ့ဖွင့်လှစ် 

သာယာဝတီ မတ် ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုတန်ဖိုးရှိရှိ အသုံးချတတ်စေရန် ထူးချွန်ထက်မြတ်သော လူငယ်လူရွယ်များဖြစ်လာစေရန်ရည်ရွယ်၍ အခြေခံကာတွန်းရေးဆွဲနည်းသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အဆိုပါသင်တန်းဖွင့်လှစ်ရာတွင် သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာမိုးက အခြေခံကာတွန်းရေးဆွဲနည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကာတွန်းနှင့်ပန်းချီအသင်းဝင် ကာတွန်းဆရာဦးလှဦးက ယခုသင်ကြားပေးသည့် အခြေခံကာတွန်းရေးဆွဲနည်းသင်တန်းကို တက်ရောက်ကြသော ကျောင်းသား၊ ကျောင်းးသူများအနေဖြင့် ကာတွန်းရေးဆွဲနည်းပညာကို အခြေခံမှစတင်၍ အလွယ်တကူ တတ်မြောက်သွားအောင် သင်ကြားပေးမှာဖြစ်ကြောင်း၊ သင်တန်းသား/သူများကလည်း သင်တန်းကာလအတွင်း ပျက်ရက်မရှိ တက်ရောက်စေလိုကြောင်း ပြောကြားသည်။ သင်တန်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့်ကျောင်းသား/သူ (၁၃)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မတ်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ထိ နေ့လယ် ၁ နာရီမှညနေ ၄ နာရီထိ (အခမဲ့) ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)