မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် နှစ် (၈၀) ပြည့် တပ်မတော်နေ့ အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် 

ချမ်းအေးသာစံ မတ် ၂၃

နှစ် (၈၀) ပြည့် တပ်မတော်နေ့အခမ်းအနားကို မန္တလေးမြို့တွင် ခမ်းနားစွာ ကြိုဆိုဂုဏ်ပြုကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ (၂၂) ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် တက်ရောက်ခဲ့သည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် တပ်မတော်နေ့တွင် ပါဝင်ချီတက်ကြမည့် တပ်မတော်စစ်ကြောင်းများအား ခမ်းနားစွာကြိုဆိုဂုဏ်ပြုနိုင်ရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီဖွဲ့စည်း၍ တာဝန်များခွဲဝေချထားပေးပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းများ အဆင်ပြေချောမွေ့ အောင်မြင်စွာပြီးမြောက်ရေးအတွက် ယခင်ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအပေါ် သုံးသပ်ကာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက တာဝန်ယူဆောင်ရွက်နေသည့် ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်