ဖြူးဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား အလှူရှင်များ၏ နေ့စဥ် နံနက်စာ၊ နေ့လယ်စာ၊ ညစာနှင့် ဆေးပဒေသာပင်များ လှူဒါန်း

ဖြူး မတ် ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ဖြူးဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား အလှူရှင်များ၏ နေ့စဥ် နံနက်စာ၊ နေ့လယ်စာ၊ ညစာနှင့် ဆေးပဒေသာပင်များ လှူဒါန်းလျက်ရှိကြောင်းနှင့် လှူဒါန်းလိုသူများအတွက် ကုသိုလ်ယူလှူဒါန်းနိုင်ကြောင်းကို ဖြူးဘိုးဘွား စောင့်ရှောက်ရေးအသင်းကြီးကြပ်ရေးကော်မတီမှ သိရသည်။

"ဒီဖြူးဘိုးဘွားရိပ်သာက အဘိုး၊ အဘွားတွေကို ဖြူးမြို့နယ်အတွင်းနဲ့ အနယ်နယ်အရပ်ရပ်က အလှူရှင်တွေက နံနက်စာ၊ နေ့လယ်စာ၊ ညစာတတ်နိုင်သလို ကုသိုလ်ပြုကျွေးမွေးတာလည်း ရှိသလို တစ်နေကုန်စာ ထာဝရအလှူရှင်ဆိုတာလည်းရှိတယ် ဆေးပဒေသာပင် အလှူဆိုတာလည်း လှူကြပါတယ်  ထာဝရအလှူရှင်ဆိုတာက ကြားဖြတ်ကုသိုလ်ပြု ကျွေးမွေးတာမရှိရင် အမြဲပါဝင်ကုသိုလ်ပြုတာကို ပြောချင်တာပါ၊ ဘိုးဘွားတွေကို ကျွေးမွေးကုသိုလ်ပြုနိုင်တဲ့ ကုန်ကျငွေနဲ့ အစားအသောက်တွေကတော့ နံနက်စာ (၁) သိန်း၊ နေ့လယ်စာ (၂) သိန်း၊ အသားဟင်း (၂) ခွက်၊ အရံဟင်း၊ အရည်သောက်တွေ ပါပါတယ်၊ ညစာက (၁) သိန်းခွဲ၊ အသားဟင်း (၁) ခွက်၊ အရံဟင်း၊ အရည်သောက်တွေပေါ့ ငွေသားလှူကြတာများပြီး ကြီးကြပ်ရေးအဖွဲ့ ချက်ပြုတ်ရေးတာဝန်ရှိသူတွေက ချက်ပြုတ်ပေးကြပါတယ်"ဟု ဖြူးဘိုးဘွား စောင့်ရှောက်ရေးအသင်းကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးကိုကိုမောင်က ပြောသည်။

ဖြူးဘိုးဘွားရိပ်သာတွင် အဘိုး (၈) ဦး၊ အဘွား (၃၁) ဦး၊ စုစုပေါင်း (၃၉) ဦး ရှိပြီး ယနေ့အနေဖြင့် တစ်နေကုန်စာထာဝရအလှူ၊ ဆေးပဒေသာပင်အလှူရှင်မှာ မိခင်ကြီးဒေါ်ခင်ကြည်အားရည်စူး၍ ဖြူးမြို့နယ်၊ ဘူတာမြောက်ရပ်ကွက်၊ (၂၁) လမ်းနေ ဒေါ်မြကျင်မိသားစုမှ လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)