ကြို့ပင်ကောက် မတ် ၂၂
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ထွန်းထွန်းစိုး၊ တီဘီရောဂါကုသရေးဌာန တာဝန်ခံ ဆရာဝန်နှင့် ဝန်ထမ်းများသည် မတ်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ကျေးရွာများအရောက် နယ်လှည့် အခမဲ့ကွင်းဆင်းကုသပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်ကွင်းဆင်းအခမဲ့ကုသပေးခြင်းကို မတ်လ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဆောင်ရွက်ခဲ့ရာ လာရောက်ပြသသူ ၃၀၆ ဦးလာရာက်ပြသခဲ့ရာ တီဘီရောဂါသံသယရှိသူ (၇) ဦး ရှာဖွေဖော်ထုတ်ကုသပေးနိုင်ခဲ့ကြောင်း ၂၀၂၄ ခုနှစ်တွင် တီဘီလူနာသစ်ဦးရေ (၃၃၀) ဦးနှင့် ဆေးယဉ်ပါးတီဘီလူနာ (၁) ဦးကို အခမဲ့ဆေးကုသမှုပေးနိုင်ခဲ့ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းထွန်းစိုးထံမှ သိရသည်။
အဆိုပါတီဘီရောဂါသည် ပြည်သူလူထု၏ လူမှုရေးနှင့်စီးပွားရေးကို ထိခိုက်စေနိုင်သော ကူးစက်ရောဂါဖြစ်သည့်အတွက် စောစီးစွာရောဂါရှာဖွေစစ်ဆေးပြီး ဆေးကုသမှုခံယူနိုင်ရန် လိုအပ်သောကြောင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ ရွေ့လျားအဖွဲ့ဖြင့် တီဘီရောဂါကွင်းဆင်းရှာဖွေခြင်း လုပ်ငန်းများကို လုပ်ဆောင်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း