ချမ်းအေးသာစံ မတ် ၂၀
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ၄ လက်မ အဝီစိတွင်း ဆောင်ရွက်ပြီးစီးမှုနှင့် အကျဉ်းဦးစီးဌာန၊ မန္တလေးဗဟိုအကျဉ်းထောင်စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများကို သွားရောက်ကြည့်ရှုခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)သို့ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများအတွက် သင်ကြားရေးနှင့် လက်တွေ့တွင် အထောက်အကူပြုစေရန်၊ ပြည်တွင်းပြည်ပမှ ဆေးဖက်ဝင်အပင်လေ့လာလိုသူများ၊ သုတေသနပြုလုပ်သူများအတွက် အထောက်အကူပြုစေရန် သရုပ်ပြပရဆေးဥယျာဉ်အတွင်း ရှားပါးမျိုးစိတ်များအပါအဝင် မြန်မာနိုင်ငံအတွင်းရှိ ဒေသအသီးသီးမှ ပေါက်ရောက်သော ဆေးဖက်ဝင်အပင်များကို မျိုးထိန်း၊ မျိုးပွားစိုက်ပျိုးထားရှိမှု၊ တက္ကသိုလ်တွင် သောက်သုံးရေအခက်အခဲမရှိစေရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် သိန်း ၁၈၀ ဖြင့် ၄ လက်မ အဝီစိတွင်း ဆောင်ရွက်ပြီးစီးမှုတို့ကို လိုက်လံကြည့်ရှုကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အကျဉ်းဦးစီးဌာန၊ မန္တလေးဗဟိုအကျဉ်းထောင်ရှိ အ.ထ.က (၂၅)တန်းခွဲ စာစစ်ဌာနသို့ရောက်ရှိပြီး အကျဉ်းစီးဌာနမှ တာဝန်ရှိသူများက စာကြည့်တိုက်ဖွင့်လှစ်ထားရှိမှု၊ အကျဉ်းထောင်/အချုပ်ထောင်အသီးသီးတွင် ပညာတစ်ပိုင်းတစ်စဖြင့် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား၊ အကျဉ်းသူများ စာပေပညာများ ဆက်လက်သင်ကြားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးထားမှု၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား (၆)ဦး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းမှ လူငယ် (၁)ဦး၊ အကျဉ်းထောင်ဝန်ထမ်း (၅)ဦး၊ စုစုပေါင်း (၁၂)ဦး ဝင်ရောက်ဖြေဆိုနေမှု၊ စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ထားရှိမှုများ၊ စာရေးကိရိယာများ အခမဲ့အသုံးပြုနိုင်ရန် စီစဉ်ထားရှိမှု၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုများကို လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စာမေးပွဲဖြေဆိုနေမှုများကိုကြည့်ရှု၍ စာမေးပွဲကြီးကြပ် ဆရာ၊ ဆရာမများကို အားပေးစကားများ ပြောကြားခဲ့သည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၇ ရက်မှ စတင်ကျင်းပနေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ယနေ့တွင် သင်္ချာဘာသာရပ်ကို အေးချမ်းစွာဖြင့်ဖြေဆိုကြရာ မန္တလေးတိုင်းဒေသကြီးအတွင်း စာစစ်ဌာန ၈၉ ခု ဖွင့်လှစ်ထားပြီး ဝင်ရောက်ဖြေဆိုရန် စာရင်းရှိ (၃၅၅၀၀) ဦး၊ ဖြေဆိုသူ (၃၄၂၆၆)ဦး၊ ပျက်ကွက် (၁၂၃၄) ဦးရှိပြီး (ဖြေဆိုမှု ၉၆.၅၂ ရာခိုင်နှုန်း)ရှိကြောင်း၊ အဆိုပါဖြေဆိုသူများတွင် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ စာစစ်ဌာန၌ ကျောင်းသူ (၂) ဦး တက်ရောက်ဖြေဆိုမှုရှိခဲ့ကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲကို ပိတ်ရက်မရှိ မတ်လ ၂၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်