ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် နွေရာသီအခြေခံအင်္ဂလိပ်စကားပြောသင်တန်း ဖွင့်လှစ်

ကျောက်ပန်းတောင်း မတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် နွေရာသီကာလ ကျောင်းသား/ကျောင်းသူများ အချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်စေရေးအတွက်၊ အခြေခံအင်္ဂလိပ်စကားပြောသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံအင်္ဂလိပ်စကားပြောသင်တန်းကို၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး၊ သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေက သင်တန်းကာလ တိုတောင်းသော်လည်း အချိန်ကိုအကျိုးရှိအောင် ကြိုးစားသင်ယူလေ့လာသွားကြစေလိုကြောင်း အမှာစကား ပြောကြားသည်။ ယင်းနောက် သင်တန်းနည်းပြ ဆရာမ ဒေါ်နှင်းဝတ်ရည်က မိတ်ဆက်စကား ပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်ပြီး၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်အရေးအသင်းဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက သင်တန်းသူ ၊ သင်တန်းသားများအား အချိုရည်များဖြင့် ဧည့်ခံတိုက်ကျွေးခဲ့သည်။

အဆိုပါသင်တန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးတွင် ရုံးဖွင့်ရက်တိုင်း နေ့စဉ် နံနက်(၉) နာရီမှ (၁၁)အထိ ရက်သတ္တနှစ်ပတ်ကြာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသိရပြီး၊ သင်တန်းဖွင့်ပွဲသို့ မြို့နယ်မိခင်နှင်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုလတ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းသား/ သင်တန်းသူ (၅၀)ဦးနှင့်စုစုပေါင်း (၇၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)