သာယာဝတီမြို့၌ လူငယ်နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

သာယာဝတီ မတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ လူငယ်နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့​သည်။

ဟောပြောပွဲတွင် သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုးက အဖွင့်အမှာစကားပြောကြားပြီး သာယာဝတီခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုမြတ်သန္တာဖွေးက ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး၊ လူတို့၏ နေထိုင်ပြုမူမှုများ​ကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရန် နည်းလမ်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ၊ လူ့ဘောင်လောကကြီး တိုးတက်သည်ထက် တိုးတက်လာသည်နှင့်အမျှ လူသားများကြောင့်ပဲ သဘာဝပတ်ဝန်းကျင်ကြီး ပျက်စီးလာရခြင်းဖြစ်ကြောင်း၊ သစ်တောသစ်ပင်တွေပြုန်းတီးမှု၊ ဓာတုပစ္စည်းတွေ အဆမတန်သုံးစွဲမှု၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေကြောင့် ပျက်စီးယိုယွင်းလာတဲ့ သဘာဝပတ်ဝန်းကျင်ကို ပို၍မပျက်စီးအောင်၊ လှပသာယာလာအောင် ထိန်းသိမ်းဖို့လိုကြောင်း၊ မိမိတို့ရဲ့ စား၊ ဝတ်၊ နေရေးကို ဖြည့်ဆည်းပေးနေတဲ့ သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားတတ်ဖို့လိုကြောင်း အသိပညာပေး ဟောပြောခဲ့​သည်။

ဟောပြောပွဲသို့ သာယာဝတီမြို့နယ်အတွင်းရှိ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)