ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်ပြည်သူများ နေထိုင်စားသောက်ရေးအဆင်ပြေစေရန် ရပ်ဝေးရပ်နီးမှစေတနာအလှူရှင်များက အလှူငွေနှင့်ဆန်အိတ်များ ပေးအပ်လှူဒါန်း

ပွင့်ဖြူ မတ် ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်ပြည်သူများ အဆင်ပြေစွာနေထိုင်စားသောက်နိုင်ရေးအတွက် ယမန်နေ့က ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များက အလှူငွေနှင့် ဆန်အိတ်များ လာရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ ပေးအပ်ရာတွင် ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာ သုခကာရီအိုးထိန်းမြေဓမ္မစကူးလ်သင်တန်းမှ ဆရာတော်ဦးတိလောက ဦးဆောင်သော ကျေးရွာရပ်မိရပ်ဖများနှင့်စေတနာအလှူရှင်များ စုပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်ပြည်သူများကိုတွေ့ဆုံ၍ အားပေးစကားများပြောကြားပြီး မီးဘေးသင့်အိမ်ထောင်စု ၃၇၂ စု၊ လူဦးရေ ၁၄၄၅ ဦးအတွက် အလှူငွေ (၁၀)သိန်းကျပ်နှင့် (၂၄) ပြည်ဝင်ဆံ့ ဆန်အိတ် (၃၁)အိတ်တို့ကို မီးဘေးသင့်ပြည်သူများ နေထိုင်စားသောက်ရေးအဆင်ပြေစေရန် စနစ်တကျ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာ၌ မတ် ၁၂ရက်နေ့က ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျေးရွာရှိ အိမ်ခြေ ၄၅၀၊ အိမ်ထောင်စု ၄၇၀ ရှိသည့်အနက် အိမ်ခြေ ၃၆၀  မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၃၇၂ စု၊ လူဦးရေ ၁၄၄၅ ဦး မီးဘေးဒဏ်သင့်ခဲ့ကြောင်းသိရသည်။ ယခုလက်ရှိတွင် ဌာနဆိုင်ရာတာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများ အဆင်ပြေစွာနေထိုင်နိုင်ရေးအတွက် ဘုန်းတော်ကြီးကျောင်း(၃)ကျောင်းတွင် ယာယီမီးဘေးရှောင်စခန်းဖွင့်လှစ်ထားရှိပြီး လိုအပ်သည့်ထောက်ပံ့ကူညီမှုများဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရပ်ဝေးရပ်နီးမှ လူမှုကူညီရေးပရဟိတအဖွဲ့အစည်းများနှင့်စေတနာကုသိုလ်ရှင်များကလည်း အလှူငွေ၊ ဆန်၊ ဆီ၊ ဆား အခြေခံစားသောက်ကုန်ပစ္စည်းများ၊ အိမ်အသုံးအဆောင်ပစ္စည်းများနှင့်အဝတ်အထည်များကို လာရောက်ပေးအပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။   

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )