တောင်တွင်းကြီးမြို့နယ်တွင် အပူဒဏ်အန္တရာယ်တားဆီးကာကွယ်ရေး နှိုးဆော်ချက် မြေစိုက်နံရံကပ်ဘုတ်စိုက်ထူ

တောင်တွင်းကြီး မတ် ၁၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် မြင့်တက်လာသည့် အပူရှိန်ကြောင့် ဒေသခံပြည်သူများ အပူဒဏ်အန္တရာယ်တားဆီးကာကွယ်ရေးနှိုးဆော်ချက် သတိပေးမြေစိုက်နံရံကပ်ဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် (၇)နာရီအချိန်က တောင်တွင်းကြီးမြို့၊ မြို့နယ်လမ်းစုံ၌ ကျင်းပပြုလုပ်ခဲ့ရာ တောင်တွင်းကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများနှင့် ဝန်ထမ်းများစုပေါင်းအဖွဲ့က ဒေသခံပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေခဲ့သည်။

အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ဂနာမငြိမ်ခြင်း၊ ခေါင်းမူးနောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံးနုံးချိပျော့ခွေခြင်းနှင့် ကြွက်တက်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်းကြောင့် ခန္ဓာကိုယ်အရေပြားအေး၍ စိုစွတ်ခြင်း၊ ခန္ဓာကိုယ်အပူချိန်မြှင့်တက်ခြင်း စသည့် သတိပြုရမည့် အပူဒဏ်အန္တရာယ်များ၊ အပူဒဏ်အန္တရာယ် ကျရောက်သည့်လူနာကို အရေးပေါ်ရှေးဦးပြုစုခြင်းနှင့် အပူဒဏ်အန္တရာယ် ကာကွယ်ရေးနှိုးဆော်ချက်များ စသည့် အကြောင်းအရာများပါဝင်သော အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

နောင်နောင်(ဗိဿနိုးမြေ)