ပွင့်ဖြူ မတ် ၁၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် စားတော်ပဲ ၁၇၈၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၁၆ ဒသမ ၅၂ တင်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားတော်ပဲသီးနှံ ၃၃၁၂ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါ စားတော်ပဲစိုက်ခင်းများကို ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ရိတ်သိမ်းလျက်ရှိရာ ယနေ့ထိ ၁၇၈၀ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း စားတော်ပဲ ၃၃၁၂ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီ စားတော်ပဲစိုက်ခင်းတွေကို ဖေဖော်ဝါရီလကစပြီး ရိတ်သိမ်းနေတာမှာ ဒီနေ့ထိ စားတော်ပဲစိုက်ဧက ၁၇၈၀ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ စားတော်ပဲသီးနှံ ရိတ်သိမ်းတာနဲ့ပတ်သက်ပြီး လေလွင့်ဆုံးရှုံးမှုတွေမဖြစ်အောင် စနစ်တကျရိတ်သိမ်းကြဖို့နဲ့ လိုအပ်တဲ့ ရိတ်သိမ်းခြွေလှေ့နည်းစနစ်များကိုလဲ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးပါတယ်။ နောက်ပြီး ရိတ်သိမ်းပြီး သီးနှံများကိုလဲ အရည်အသွေးကောင်းမွန်အောင် အမိုးအကာအောက်မှာ သေချာစွာ သိမ်းဆည်းနိုင်အောင် လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ စားတော်ပဲသီးနှံစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက သီးနှံအထွက်နှုန်းများ တိုးတက်စေရန် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးရေ စနစ်တကျသုံးစွဲရေး၊ မြေဩဇာနှင့် သွင်းအားစုများ မှန်မှန်ကန်ကန် သုံးစွဲတတ်စေရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေး၊ အချိန်မီ သီးနှံရိတ်သိမ်းနည်းပညာများ စသည့် တောင်သူအသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နှစ်စဉ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဈေးကွက်ရှိသည့် စားတော်ပဲ ၊ ကုလားပဲ ၊ မတ်ပဲ ၊ ထောပတ်ပဲ ၊ ပဲယင်း ၊ ပဲကြီး ၊ ပဲလွမ်း စသည့် ပဲမျိုးစုံသီးနှံများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း ၊ ထိုသို့ စိုက်ပျိုးရာ၌ အချို့တောင်သူများက ပဲမျိုးစုံသီးနှံအား သီးသန့်စိုက်ပျိုးကြသလို နှစ်သီးစားဝင်ငွေရရှိရေးအတွက် အခြားသီးနှံများနှင့် ရောနှော၍ သီးထပ်သီးညှပ် စိုက်ပျိုးကြကြောင်း သိရသည်။
စားတော်ပဲသီးနှံကို နှစ်စဉ်တိုးချဲ့စိုက်ပျိုးကာ အထွက်နှုန်းများ တိုးတက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံတွင်း စားသုံးမှုဖူလုံစေမည့်အပြင် ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် စားတော်ပဲကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရှိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)