မင်းဘူး မတ် ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ၊ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးတွင် နိုင်ငံကျော်အနုပညာရှင်များက အငြိမ့်သဘင်၊ တေးဂီတဖျော်ဖြေပွဲများဖြင့် မတ်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် နှစ်ညတိုင်တိုင် ဖျော်ဖြေတင်ဆက်ပေးသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
ထို့သို့ဖျော်ဖြေတင်ဆက်ရာတွင် “မင်းထွေး” ဇတ်ပွဲသဘင်အဖွဲ့မှ ဦးဆောင်ပြီး မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကာလ တပေါင်းပွဲတော်ညအဖြစ် အငြိမ့်ဇတ်မင်းသား/မင်းသမီးများဖြစ်ကြသော မင်းထွေး၊ ချောသိင်္ဂီချစ်စု(ကျောက်ပန်းတောင်း)၊ မေဘိုဘို၊ တေသံရှင်များဖြစ်ကြသော ချောကလက်၊ သူရိန်စိုး (လွှမ်းမိုးအလွမ်းပြေ)၊ နိုင်ငံကျော်ဟာသ(လူရွှင်တော်)အနုပညာရှင်များဖြစ်ကြသော စိန်ခဲ့၊ ကံပွင့်၊ အောင်ဟိန်း၊ လန်းလန်းတို့နှင့်အတူ ရွှေခိုင်ဇော်မင်္ဂလာဆိုင်းတို့ဖြင့် တွဲဖက်၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး၊ အပန်းဖြေလာရောက်ကြသူများအား မန်းရွှေစက်တော်ဘုရားပွဲတော် အထူးတံတားမုဒ်ဦးအနီးရှိ စတိတ်စင်မြင့်တွင် မတ်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့ (တပေါင်းလပြည့်ကျော် ၄ ရက်နှင့် ၅ ရက်နေ့)ညများတွင် နှစ်ညတိုင်တိုင် အခမဲ့ ဧည့်ခံဖျော်ဖြေတင်ဆက်ပေးသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုက ပြောကြားခဲ့သည်။
မန်းရွှေစက်တော်ဘုရားကြီးသည် မြန်မာနိုင်ငံ၏ (က)အဆင့်စာရင်းဝင် တန်ခိုးကြီးဘုရားဖြစ်သည်နှင့်အညီ ထင်ရှားကျော်ကြားကာ မြန်မာနိုင်ငံအတွင်း၌ ရက်အရှည်ကြာဆုံးသော ဘုရားပွဲတော်ကြီးတစ်ခုဖြစ်ကြောင်း၊ ယခုနှစ် မန်းရွှေစက်တော်ရာပါဒစေတီတော် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၂ ရက်မှ ဧပြီလ ၁၇ ရက်နေ့အထိ မဟာသင်္ကြန်ရုံးပိတ်ရက်အပါအဝင် (တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့ထိ) ရက်ပေါင်း (၇၅)ရက်ကြာ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိသည်။
မန်းရွှေစက်တော်ဘုရားကြီးတွင် မြန်မာတို့၏ အထွဏ်အမြတ်ထားရာ ယခုနှစ် တပေါင်းလပြည့် အခါသမယအစိုးရရုံးပိတ်ရက် (၅)ရက်အပါအဝင် ဘုရားပွဲတော် စတင်ကျင်းပသည့်နေမှစ၍ ယနေ့အထိ ဘုရားဖူး ရဟန်းရှင်လူ ခရီးသွားပြည်သူပေါင်း ၁၅၃၆၃ ဦးနှင့် မော်တော်ယာဉ်အစီးရေပေါင်း ၃၁၀၀ ကျော် လာရောက်ခဲ့ကြောင်း၊ မန်းရွှေစက်တော်ပွဲတော် ကျင်းပစဉ်ကာလတစ်လျှောက် တပေါင်းလအပြင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီးချိန် (အခြေခံကျောင်းများအားလုံး ဖြေဆိုပြီးချိန်)နှင့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည်ကာလများတွင်း နှစ်စဉ်နှစ်တိုင်း အထူးစည်ကားလေ့ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)