ဖြူး မတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖြူးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အခမ်းအနားမှူး သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဒေါ်အိမာဟိန်းက အမျိုးသမီးငယ်များအနေဖြင့် အခမ်းအနားမှူးကောင်းတစ်ယောက်ဖြစ်ရေး သင်ကြားတတ်မြောက်ထားရန်လိုကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းသို့ တက်ရောက်လာကြသည့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအချို့မှ ဝန်ထမ်းအမျိုးသမီးများ၊ ကျောင်းသူများ စသည့် သင်တန်းသူ (၂၁) ဦးအား ဖြူးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ သင်တန်းနည်းပြ ဒေါ်နန်းကေသီက အခမ်းအနားမှူးတစ်ဦးတွင် ရှိရမည့် အဓိကအရည်အချင်းများ၊ ရုပ်ပိုင်းဆိုင်ရာ၊ ဝတ်စားဆင်ယင်မှု၊ ကြိုတင်ပြင်ဆင်မှု၊ ဆောင်ရန်/ရှောင်ရန်များ၊ အသံပိုင်းဆိုင်ရာများ၊ မိုက်အသုံးပြုမှု၊ ခန်းမအတွင်း/ ခန်းမအပြင် အခမ်းအနားအမျိုးအစားအလိုက် အခမ်းအနားမှူးတစ်ဦးအနေဖြင့် အသုံးအနှုန်းဝေါဟာရများ၊ အခမ်းအနားအစီအစဉ်များ၊ အခမ်းအနားစတင်ရာတွင် ကြိုတင်ပြင်ဆင်ထားရမည့် စကားစသည့် သင်ခန်းစာများကို သင်တန်းကာလ (၁) ရက်တာ နံနက် (၉) နာရီမှ ညနေ (၃) နာရီထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)