နတ်မောက် မတ် ၁၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယနေ့နံနက် ၉ နာရီခွဲအချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပခဲ့သည်။ အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များ၌ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့ လာရောက်ကြသည့် ကလေးငယ်များက မိမိတို့၏ စိတ်ကူးစိတ်သန်းများဖြင့် စိတ်ကြိုက်ပုံဖော်၍ ဆေးရောင်ခြယ်ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ရရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ကြစေရန် ရည်ရွယ်၍ အားလပ်သည့် အချိန်များတွင် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ပန်းချီရေးဆွဲခြင်း၊ ကျပန်းစကားပြောပြိုင်ပွဲများ ဉာဏ်စမ်းမဟေဠိပြိုင်ပွဲများနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိပြီး နွေရာသီကျောင်းပိတ်ရက်များတွင်လည်း လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ပညာပေးသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိသည်။
မူမူစန်း