မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ ပညာသင်နှစ်၊ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူများ မြန်မာစာဘာသာရပ်ဖြေဆိုနေမှုကို ကြည့်ရှုအားပေး

မကွေး မတ် ၁၈

၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယမန်နေ့နံနက်ပိုင်းတွင် စတင်ဖြေဆိုနေပြီဖြစ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မကွေးမြို့ အမှတ်(၁)အမှတ်(၃)နှင့် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနများသို့ သွားရောက်၍ အဆိုပါကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူများ မြန်မာစာဘာသာရပ်ဖြေဆိုနေမှုကို ကြည့်ရှုအားပေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝပေးနိုင်ရေး၊ လုံခြုံရေးကိစ္စရပ်များ အထူးဂရုပြုဆောင်ရွက်ရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြားသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၇)ရက်နေ့ မတ်လ(၂၂)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီးအတွင်း စာဖြေဌာနပေါင်း(၄၉)ခုတွင် ယနေ့ မတ်လ(၁၇)ရက်နေ့ မြန်မာစာဘာသာရပ်ကိုဖြေဆိုသူ(၁၇၈၆၁)ဦး ဝင်ရောက်ဖြေဆိုကာ၊ ဖြေဆိုမှုရာခိုင်နှုန်းအနေဖြင့် (၉၆.၀၃)ရာခိုင်နှုန်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံး တာဝန်ရှိသူထံမှ  သိရပြီး၊ တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုရာတွင် အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ စီစဉ်ဆောင်ရွက်ထားရှိပြီး၊ စာမေးပွဲဖြေဆိုနေချိန်အတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် အပြင်စည်းလုံခြုံရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ စာဖြေဌာနအသီးသီးတွင် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ဖြေဆိုစဉ် ထူးခြားမှုမရှိ အေးချမ်းစွာဖြေဆိုခဲ့ကြကြောင်း သိရသည်။

မောင်ညီညာ