ပွင့်ဖြူ မတ် ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်ပြည်သူများအတွက် နေအိမ်များ ပြန်လည်ဆောက်နိုင်ရန်နှင့် စားသောက်ရေးအဆင်ပြေစေရန်အတွက် ယမန်နေ့နံနက်ပိုင်းက မီးဘေးသင့်အိမ်ထောင်စု ၃၇၂ စုအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် စားနပ်ရိက္ခာငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ရာတွင် ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ဝင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကေသွယ်ဝင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က မုန်းဇလဲကျေးရွာရှိ ရပ်မိရပ်ဖများနှင့် မီးဘေးသင့်အိမ်ထောင်စုဝင်များကို တွေ့ဆုံ၍ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရမည့် လုပ်ငန်းများနှင့် ဆောင်ရန်၊ ရှောင်ရန်များကိုလည်းကောင်း၊ ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ထောက်ပံ့မည့်အစီအစဉ်များကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စု ၃၇၂ စုအတွက် အိမ်ထောင်စုတစ်စုလျှင် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၃၈၅၀၀၀၀၀၊ မီးဘေးသင့်ပြည်သူ ၁၄၄၅ ဦးအတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေကျပ် ၃၀၃၄၅၀၀၊ မီးဘေးကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေကျပ် ၃၀၀၀၀၀ ၊ စုစုပေါင်းငွေကျပ် ၄၁၈၃၄၅၀၀ အား တာဝန်ရှိသူများထံ စနစ်တကျ ထောက်ပံ့ပေးအပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာ၌ မတ် ၁၂ ရက်နေ့က ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျေးရွာရှိ အိမ်ခြေ ၄၅၀ ၊ အိမ်ထောင်စု ၄၇၀ ရှိသည့်အနက် အိမ်ခြေ ၃၆၀ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၃၇၂ စု၊ လူဦးရေ ၁၄၄၅ ဦး မီးဘေးဒဏ်သင့်ခဲ့ကြောင်း သိရပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများ အဆင်ပြေစွာနေထိုင်နိုင်ရေးအတွက် ဘုန်းတော်ကြီးကျောင်း(၃)ကျောင်းတွင် ယာယီမီးဘေးရှောင်စခန်းဖွင့်လှစ်ထားရှိပြီး လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးလျက်ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)