ပွင့်ဖြူ မတ် ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ အရည်အသွေးမြင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်တောင်သူအကျိုးဆောင် အသင်း(FFA)မှ ဦးဆောင်၍ Green Growth Generation(GGG) ကုမ္ပဏီနှင့် ဒေသခံတောင်သူများပူးပေါင်းပြီး ကန်ထရိုက်လယ်ယာစနစ်ဖြင့် ရေသွင်းနှမ်း ဧက (၃၀၀၀) ကျော် စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ရာ ယမန်နေ့က ကန်ထရိုက်လယ်ယာစနစ်ဖြင့် အကျိုးတူပူးပေါင်းစိုက်ပျိုးမည့် ဒေသခံတောင်သူများကို မျိုးကောင်းမျိုးသန့် နှမ်းမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း အဆိုပါ ပွင့်ဖြူမြို့နယ်တောင်သူ အကျိုးဆောင်အသင်း(FFA)ဥက္ကဋ္ဌ ဦးမြင့်အောင်ထံမှ သိရသည်။
“ဒီနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း အရည်အသွေးမြှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ဖိုနဲ့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့ ရည်ရွယ်ပြီးတော့ ကန်ထရိုက်လယ်ယာစနစ်နဲ့ ရေသွင်းနှမ်း (၃၃၃၁) ဧက စိုက်ပျိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကန်ထရိုက်လယ်ယာစနစ် အကျိုးတူ ပူးပေါင်းဆောင်ရွက်မယ့် ရေသွင်းနှမ်း စိုက်ပျိုးခြင်းအစီအစဉ်ကို မြို့နယ်တောင်သူအကျိုးဆောင်အသင်းက ဦးဆောင်ပြီးတော့ Green Growth Generation(GGG) ကုမ္ပဏီနဲ့ ဒေသခံတောင်သူတွေ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကန်ထရိုက်လယ်ယာစနစ်နဲ့ ရေသွင်းနှမ်း စိုက်ပျိုးဆောင်ရွက်မယ့် ကျေးရွာ (၁၉) ရွာရှိပြီး အဲဒီကျေးရွာတွေက တောင်သူတွေကို မျိုးကောင်းမျိုးသန့် နှမ်းမျိုးများကို ဖြန့်ဝေပေးတာ ဖြစ်ပါတယ်။ ဖြန့်ဝေပေးတဲ့ နှမ်းမျိုးတွေက ဆင်းရတနာ (၁၄) နှမ်းနက်နဲ့ ဂျပန်နှမ်းဖြူ ဖြစ်ပါတယ်။ ရေသွင်းနှမ်းများ စိုက်ပျိုးရာတွင် မျိုးစေ့ထုတ် စိုက်ကွက် (၁၅၅) ဧကနဲ့ ရိုးရိုးစိုက်ကွက် (၃၁၇၆) ဧက၊ စုစုပေါင်း (၃၃၃၁) ဧက စိုက်ပျိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တောင်သူတွေအတွက် သီးနှံစိုက်ပျိုးရာမှာ အခက်အခဲမဖြစ်စေဖို့နဲ့ ပန်းတိုင်အထွက်နှုန်း ရရှိစေဖို့အတွက် လိုအပ်တဲ့ သဘာဝမြေဩဇာနဲ့ သဘာဝဆေးတွေကိုလည်း အလွယ်တကူ သုံးစွဲလို့ရအောင် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် တောင်သူ အကျိုးဆောင်အသင်း(FFA)ဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောပြသည်။
ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)က မြို့နယ်အတွင်း သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်စေရေး၊ အရည်အသွေးမြင့် သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ထွက်ရှိလာသော သီးနှံများတွင် ထုတ်လုပ်သူရော စားသုံးသူပါ အစားအစာ ဘေးကင်းလုံခြုံရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေရန် မြေဆီလွှာနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးစသည့် တောင်သူအကျိုးပြုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် စိုက်ပျိုးရေးကုမ္ပဏီများနှင့် ချိတ်ဆက်၍ ဒေသတွင်းရှိ တောင်သူများကို သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိစေရန် ကန်ထရိုက်လယ်ယာစနစ်ဖြင့် သီးနှံများ စိုက်ပျိုးခြင်း၊ စိုက်ပျိုးသီးနှံများပေါ်ချိန်တွင် တောင်သူများအတွက် သင့်တင့်မျှတသော သီးနှံဈေးနှုန်းများ ရရှိစေရေးအတွက် တောင်သူစုပေါင်း သီးနှံရောင်းချပွဲများ စီစဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)