မိုးညို မတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ တိမ်မြုပ်နေသောဖြည့်ဆည်းရန်ကွက်လပ်များ စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးမင်းကြည်က အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းနှင့် ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှု အကြောင်းအရာများအား ဖတ်ကြားသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာလင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း၏ အကျိုးဆက်များအား ဖတ်ကြားသည်။ ထို့နောက် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်အေးမြတ်သူက ညှင်းပန်းအနှိပ်စက်ခံအမျိုးသမီးများမှာ ကြုံတွေ့ရသော ရောဂါလက္ခဏာများအား ဖတ်ကြားခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက မိမိတို့သိလိုသည်များကို မေးမြန်းကြပြီး စာပေဖတ်ကြားသူများနှင့် ပြန်လည်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)