နတ်မောက်မြို့နယ်၊ အိုးဘို‌ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် အခမဲ့အင်္ဂလိပ်စာအခြေခံသင်တန်း ဖွင့်လှစ်

နတ်မောက် မတ် ၁၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင်‌ ကျေးရွာနေ ကျောင်းသား၊ ကျောင်းသူလေးများ နွေရာသီကျောင်းပိတ်ရက်များဖြစ်သော်လည်း ဆရာ၊ ဆရာမများ၏ မေတ္တာစေတနာများဖြင့် အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ရှိ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့အင်္ဂလိပ်စာအခြေခံသင်တန်း ဖွင့်လှစ်ခြင်းကို မတ်လ (၁၃)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က အိုးဘို‌ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် သင်ကြားမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ အခမဲ့အင်္ဂလိပ်စာသင်တန်းတွင် ကျောင်းအုပ်ဆရာကြီး ဦး‌ကျော်နိုင်စိုးက ဦးဆောင်ကြီးကြပ်ပြီး ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် အင်္ဂလိပ်စာဘာသာရပ်၌ အခြေခံကျသည့် (သဒ္ဒါ)ပိုင်းတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ရေးနိုင်၊ ဖတ်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် အင်္ဂလိပ်စာဘာသာရပ် သင်ကြားပေးမည့် ဆရာ၊ ဆရာမ (၃)ဦးတို့၏ သင်ကြားမည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၂၃)ဦး တက်ရောက်ကြပြီး သင်တန်းဆရာ၊ ဆရာမ (၃)ဦးဖြစ်ပြီး သင်တန်းကာလမှာ (၅)ရက်တာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း