ပဲခူးတိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်/သီလရှင်နှင့်လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူး မတ် ၁၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးတို့က ကြွရောက်လာသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်၊ ပဲခူးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်များနှင့် သီလရှင်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက်သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ ဒုတိယပိုင်းအား ဆက်လက်ကျင်းပပြုလုပ်ရာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်း အနားကို စတင်ဖွင့်လှစ်ပြီး ရွှေတံဆိပ်များဆုရှင် အဆိုတော် မထက်ထက်မော်က “ထူးမခြားနား” ရောင်ခြည်တော်ဖွင့် သုံးပိုဒ်ဖြင့် သီဆိုပူဇော်ကာ အခမ်းအနားမှူးက အခမ်း အနားဖွင့် စာတမ်းအား ဖတ်ကြားလျှောက်ထား၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ် အပေါင်းက ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တသူရိယ ထေရ်အရှင်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ အုတ်ဖိုမြို့၊ ရွာမရပ်ကွက်၊ ဝါဆိုဦးပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဣန္ဒ မဟာထေရ်မြတ်က သမ္မောဒနီယဩဝါဒ ကထာ မြွက်ကြားချီးမြှင့်တော်မူ သည်။

ထို့နောက်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သီလရှင် ဆရာကြီးများ အား ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူတို့က ဘွဲ့တံဆိပ်တော်များ အသီးသီးဆက်ကပ်လှူဒါန်းချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ ဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဣန္ဒာစရာလင်္ကာဘိဝံသအရှင်မြတ်ထံမှ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ် အပေါင်းက အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး ကြွရောက်လာကြသည့် ဆရာတော်များနှင့် သီလရှင်ဆရာကြီးတို့အား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရရှိမှုမှာ မဟာဂန္ထဝါစကပဏ္ဍိတ(၆)ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ(၉)ပါး၊ မဟာကမ္မဌာနာစရိယ(၃)ပါး၊ ဂန္ထဝါစကပဏ္ဍိတ(၉)ပါး၊ သဒ္ဓမ္မဇောတိကဓဇ(၇)ပါး၊ ကမ္မဌာနာစရိယ(၂)ပါး၊ သီဟသူဓမ္မသိင်္ဂီ(၁)ဦး စုစုပေါင်း ရဟန်း/သံဃာ (၃၂)ပါး၊ သီလရှင်(၄)ပါးနှင့် လူပုဂ္ဂိုလ် (၁)ဦးတို့ရရှိကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)