မင်းဘူး မတ် ၁၄
ယနေ့သည် ၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်နေ့ အများပြည်သူ အလုပ်ပိတ်ရက်ရှည်ကာလဖြစ်သည်နှင့်အညီ မင်းဘူး(စကု)မြို့နယ်ရှိ သမိုင်းဝင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးနှင့် အခြားအထင်ကရနေရာများအား ဘုရားဖူးသူ၊ အပန်းဖြေလေ့လာသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် မြို့အဝင်အမှတ် (၁) ရပ်ကွက်ရှိ သမိုင်းဝင် စက္ကိန်းတဲစေတီတော်မြတ်ကြီးနှင့် နဂါးပွက်တောင်၊ ရှင်ပင်ဓါတ်တော်ကုန်းဘုရား၊ ရှင်မင်းဘူးဘုရား၊ ကြောင်လိန်ဘုရား၊ သမုတ္တဂီရိ မြစေတီတော်မြတ်ကြီးနှင့် စကုမြို့မှ ထေရ်ကြီးစေတီနှင့် ရုပ်စုံကျောင်းများဟာလည်း လမ်းကြောသင့်ကာ တစ်ဆက်တစ်စပ်တည်းဖြစ်နေတာကြောင့် ရွှေစက်တော်ဘုရားပွဲရာသီလည်းဖြစ်၊ အများပြည်သူ အလုပ်ပိတ်ရက်ရှည်ကာလလည်းဖြစ်တာကြောင့် အားလပ်ရက် အပန်းဖြေခရီးသွာလာသူ ဘုရားဖူး ကုသိုလ်ယူသူတို့ဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ထိုသို့ သမိုင်းဝင်စေတီပုထိုးများနှင့် အထင်ကရနေရာများအား၊ မင်းဘူးမြို့ပေါ်မှ မြင်းလှည်း၊ အိုးဝေသုံးဘီး၊ ဟိုင်းဂျက်ကားလေးများဖြင့် ဈေးနှုန်းသက်သာစွာ ပြေးဆွဲပေးလျက်ရှိကြောင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီထံမှ သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)