ချောက်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းများသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ချောက် မတ် ၁၃

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းများသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်ဦးဆောင်၍ ဒုတိယမြို့နယ် ပညာရေးမှူးဦးသန်းလွင်ဦး၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်း‌ဇော်ဝင်းနှင့် တပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနိုင်ရေး ကျောင်းဆောင်များ၊ စာဖြေခန်းများနှင့် ကျောင်းပတ်ဝန်းကျင် မီးဘေးကြိုတင်ကာကွယ်ရေး လှည့်လည်စစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများ ကြိုတင်ဖြည့်ဆည်းထားရှိမှု အခြေအနေနှင့် အသုံးပြုနိုင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ လျှပ်စစ်မီးကြိုးများ သွယ်တန်းအသုံးပြုမှုနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေး လုပ်ငန်းအတွက် ရေသိုလှောင်ထားရှိမှု၊ ပတ်ဝန်းကျင်မှ မီးကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အမှိုက်သရိုက်များ ကြိုတင်စီမံရှင်းလင်းထားရှိမှု အခြေအနေများ လှည့်လည်စစ်ဆေး အကြံပြုခြင်းလုပ်ငန်းများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ချောက်ခရိုင်၊‌ ချောက်မြို့နယ်တွင် စာစစ်ဌာန ၂ ခုရှိပြီး အ.ထ.က (၁) စာစစ်ဌာနတွင် (၄၅၇) ဦး၊ ဂွေးချို စာစစ်ဌာနတွင် (၂၀၄) ဦး စုစုပေါင်း (၆၆၁) ဦးဖြေဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)