ညောင်လေးပင် မတ် ၁၁
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ (၈) ရက်နေ့က စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပန်းချီရေးဆွဲနည်းသင်တန်းသို့ ညောင်လေးပင်ခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့နာယက ဒေါက်တာမြင့်သန်း (ညောင်လေးပင်) နှင့် မြို့နယ်စာရေးဆရာအသင်းအဖွဲ့၀င်များမှ နေ့စဉ်လာရောက်ကြည့်ရှုအားပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ပြွန်တန်ဆာမြို့ အ.ထ.က (၂) ကျောင်း၌ နွေရာသီအားကစားသင်တန်းများဖြစ်သော ခြင်းလုံး၊ ကြက်တောင်၊ စားပွဲတင်တင်းနစ် အားကစားသင်တန်းများဖွင့်လှစ်မှုနှင့် အနာဂတ်အလင်းရောင်စာကြည့်တိုက်တွင် စာဖတ်၊ စာငှားဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ပြွန်တန်ဆာမြို့မှ ကျောင်းသားမိဘတစ်ဦးမှ "အခုလို နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအကျိုးရှိမယ့် ပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်ပေးလို့ ကလေးတွေအတွက် အကျိုးရှိသလို မိဘတွေလည်း အလွန်စိတ်အေးရလို့ တာ၀န်ရှိသူတွေကို များစွာကျေးဇူးတင်ပါတယ်" ဟုပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို မတ်လ (၈) ရက်မှ (၁၇) ရက်နေ့ထိ (၁၀) ရက်တာ နေ့စဉ် နံနက် (၉) နာရီမှ (၁၁) နာရီအထိ သင်ကြားမည်ဖြစ်ပြီး သင်တန်းသား ကျောင်းသား၊ ကျောင်းသူ (၅၀) ဦးအား သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၅) ဦးမှ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)