ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ငါန်းဇွန် မတ် ၁၁

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်းပြီး စာရေးဆရာမိုသျှန်း၏ “လူကြီးလူငယ်နှင့် ခေတ်အမြင် ခေတ်အတွေး”စာအုပ်ကို လေ့လာဖတ်ရှု၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက အသိအမြင် ဗဟုသုတ တိုးပွားစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့ အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး စာရေးသူ မိုသျှန်း၏ လူကြီးလူငယ်နှင့် ခေတ်အမြင် ခေတ်အတွေးစာအုပ်မှ လူကြီးလူငယ်နှင့် ခေတ်အမြင် ခေတ်အတွေး(၁) ခေါင်းစဉ်အောက်မှ စိန်ခေါ်မှုများ၊ ပစ်မှတ်များ၊ အကာအကွယ်နှင့် တန်ဖိုးသတ်မှတ်မှုတို့ကို  ရှင်းလင်းဆွေးနွေးသည်။‌

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ အဖွဲ့ဝင် မောင်အောင်ကိုဝင်းက လူကြီးလူငယ်နှင့် ခေတ်အမြင် ခေတ်အတွေး(၂)ခေါင်းစဉ်အောက်မှ မေတ္တာပေးပါ၊ သောကကို ဖယ်ခွာချ၊ အထင်နဲ့မပြောရပါ၊ စည်းရုံးမှုစွမ်းရည်တို့အားလည်းကောင်း၊ အဖွဲ့ဝင် မနန္ဒာဝင်းက လူကြီးလူငယ်နှင့် ခေတ်အမြင် ခေတ်အတွေး (၃)ခေါင်းစဉ်အောက်မှ စကားပြောပါ၊ လောဘကို ပယ်၊ မှတ်တမ်းထားပါနှင့် ရွေးချယ်ပါစေ စသည့် အကြောင်းအရာများအားလည်းကောင်း၊ မိမိတို့ ဖတ်ရှုနားလည်မှုများအလိုက် စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များနှင့်အတူ အပြန်အလှန် ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)